Homeပြည်တွင်းသတင်းတမာမြေစစ်ဆင်ရေး အတွင်း သရက်ကန်ပျူစောထီးစခန်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ Magway PDF ထုတ်ပြန်

တမာမြေစစ်ဆင်ရေး အတွင်း သရက်ကန်ပျူစောထီးစခန်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ Magway PDF ထုတ်ပြန်

၂၅ မေ ၂၀၂၆ | New Day Myanmar

မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) ဟာ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး “တမာမြေစစ်ဆင်ရေး” ကို ဖော်ဆောင်ခဲ့ရာ မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ သရက်ကန်ပျူစောထီးစခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မေ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ မေ ၂၂ ရက် မနက် ၅ နာရီမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူ အကြိမ် ၄၀ ထက်မနည်း အသုံးပြုခဲ့ပေမယ့် မဟာမိတ်တပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင်နိုင်ခဲ့ပြီး မေ ၂၃ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကာဘိုင်သေနတ် ၁၁ လက်၊ ၁၂ ဗို့သေနတ် ၆ လက်၊ လက်လုပ်သေနတ် ၁ လက်နဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပျူစောထီးတွေရဲ့ ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၄၉ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Magway PDF က စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကို ဂုဏ်ပြုအလေးပြုထားပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“တမာမြေစစ်ဆင်ရေး” ကို Magway PDF အပြင် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ၊ ABSDF၊ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း၊ ဒေသခံ ပကဖတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့ အများအပြား ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး သရက်ကန်ကျေးရွာအတွင်း လမ်းနဲ့ နေအိမ်ဝန်းကျင်တွေမှာ တိုက်မိုင်းနင်းမိုင်းတွေ ထောင်ထားနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာတာ မပြုလုပ်ကြသေးဖို့ Magway PDF က သတိပေးထားပါတယ်။

Related News

Most Read