၂၅ မေ ၂၀၂၆ | New Day Myanmar
ရုရှားစစ်တပ်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိတဲ့ မဟာဗျူဟာ ဟိုက်ပါဆောနစ်ဒုံးကျည် Oreshnik ကို အသုံးပြုပြီး ယူကရိန်းနိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါဟာ ၄ နှစ်ကျော်ကြာလာတဲ့ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်က နည်းပညာအမြင့်ဆုံး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် Oreshnik ကို တတိယအကြိမ် အသုံးပြုတာဖြစ်ပါတယ်။
မေ ၂၄ ရက် မနက်ပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ဟာ ရုရှားဘက်က ဒရုန်းနဲ့ ဒုံးကျည်အများအပြား ပစ်ခတ်တိုက်ခိုက်မှုကို ကြုံခဲ့ရပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ပါတယ်။
ရုရှားစစ်တပ်ကတော့ အဲဒီတိုက်ခိုက်မှုတွေထဲမှာ Oreshnik ဒုံးကျည်ကို အသုံးပြုခဲ့တာ အတည်ပြုထားပြီး ယူကရိန်းဘက်က ရုရှားထိန်းချုပ်နယ်မြေတွင်း အရပ်သားအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
Oreshnik ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သလို အသံမြန်နှုန်းထက် ၁၀ ဆအထိ မြန်နှုန်းနဲ့ ပျံသန်းနိုင်တာကြောင့် ကြားဖြတ်ပစ်ချဖို့ မဖြစ်နိုင်ဘူးလို့ ရုရှားဘက်က ကြွေးကြော်ထားတဲ့ လက်နက်စနစ်တစ်ခု ဖြစ်ပါတယ်။
ကိယက်ဗ်မြို့ရှိ မျက်မြင်တွေကတော့ မေ ၂၄ ရက် တိုက်ခိုက်မှုဟာ စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပြီး မြို့အနှံ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ပြောပါတယ်။
မနက်အလင်းရောင်ရလာချိန်မှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ စျေးဝယ်စင်တာတွေ၊ ပြတိုက်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြဇာတ်ရုံတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ပိတ်မိနေသူတွေကို ရှာဖွေနေတာ တွေ့ရပါတယ်။
အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ယူကရိန်းတိုက်ခိုက်မှုကြောင့် ကျောင်းသားအဆောင်တစ်ခု ပျက်စီးပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ စွပ်စွဲခဲ့သလို အဲဒီဖြစ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။
ဒါပေမဲ့ ယူကရိန်းဘက်ကတော့ စတာရိုဘလစ်ခ်မြို့အနီး လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဟာ ရုရှားရဲ့ ဒရုန်းစစ်ဆင်ရေးယူနစ် ဌာနချုပ်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ယူကရိန်းလေတပ်ကတော့ ရုရှားဟာ မေ ၂၄ ရက် တိုက်ခိုက်မှုအတွင်း ဒရုန်းအစီး ၆၀၀ နဲ့ ဒုံးကျည်အစင်း ၉၀ ကို အသုံးပြုခဲ့ပြီး အဲဒီထဲက ဒရုန်း ၅၄၉ စီးနဲ့ ဒုံးကျည် ၅၅ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အီရန်စစ်ပွဲနောက်ဆက်တွဲ အခြေအနေတွေကြောင့် အမေရိကန်ဘက်က ပြည်ပသို့ စစ်လက်နက်တင်ပို့မှုအချို့ ဆိုင်းငံ့ထားတာဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစွမ်းရည်အပေါ် သက်ရောက်မှုရှိလာနေတယ်လို့လည်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ယူကရိန်းဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ်တားဆီးရာမှာ အမေရိကန်ထုတ် Patriot ဒုံးခွင်းဒုံးစနစ်တွေကို အဓိက မှီခိုနေရပါတယ်။
ကိယက်ဗ်မြို့ တိုက်ခိုက်ခံရပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ပိုမိုကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။


