၉ မေ ၂၀၂၆ | New Day Myanmar
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိ လုံခြုံရေးအခြေအနေတွေကြောင့် ဘေးကင်းရာကို အချိန်မီ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်စီစဉ်ထားကြဖို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာသံရုံးက မေလ ၈ ရက်နေ့မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
သံရုံးရဲ့ ထုတ်ပြန်ချက်အရ မေလ ၉ ရက်နေ့မှာ ကျရောက်မယ့် ရုရှားနိုင်ငံရဲ့ Victory Day (စစ်အောင်ပွဲ အထိမ်းအမှတ်နေ့) မတိုင်မီနဲ့ အခမ်းအနားကာလအတွင်း ယူကရိန်းဘက်က ရုရှားနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် ရုရှားဘက်ကလည်း တန်ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်လာနိုင်ပြီး ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ကိယက်ဗ်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုကြဖို့နဲ့ လိုအပ်လာပါက ဘေးကင်းရာကို အချိန်မီ ထွက်ခွာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြဖို့ သံရုံးက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အရေးပေါ်အခြေအနေတွေ ဖြစ်ပွားလာပါက မော်စကိုမြို့ရှိ မြန်မာသံရုံးရဲ့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ အီးမေးလ်ကနေ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့လည်း အသိပေးထားပါတယ်။


