Homeပြည်တွင်းသတင်းရန်ကုန်မှာ လမ်းဘေးကျူးကျော်ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းနေ

ရန်ကုန်မှာ လမ်းဘေးကျူးကျော်ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းနေ

၉ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ မိုးရာသီရေကြီးရေလျှံတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျှော့ချနိုင်ဖို့ဆိုပြီး လမ်းနယ်နိမိတ်နဲ့ ရေနုတ်မြောင်းတွေပေါ်မှာ ကျူးကျော်ဖွင့်လှစ်ထားတဲ့ လမ်းဘေးဈေးသည်တွေကို ယခု မေလအတွင်း အရှိန်အဟုန်နဲ့ လိုက်လံဖယ်ရှားရှင်းလင်းနေတယ်လို့ ဈေးသည်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနဲ့ လှိုင်သာယာမြို့နယ်တွေမှာ စည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကို စတင်ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးနေရာ ၄ နေရာထက်မနည်းကို ညတွင်းချင်း ဝင်ရောက်ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးသည်အသိုင်းအဝိုင်းဆီက ပြန်လည်ကြားသိရတဲ့ သတင်းတွေအရ လမ်းမကြီးပေါ်က ပလက်ဖောင်းကျူးကျော်ဆိုင်တွေတင်မကဘဲ ရပ်ကွက်တွင်း လမ်းသွယ်တွေထဲက ရေနုတ်မြောင်းပေါ် ခွဆောက်ထားတဲ့ ဆိုင်တွေကိုပါ ဆက်လက်ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

“အခုက အဲ့လိုသတင်းတွေ ထွက်နေတာ။ ကျွန်မလည်း လမ်းဘေးဈေးသည်ပါပဲ။ အချို့ဈေးသည်တွေက အရမ်းလွန်တယ်။ နေရာတောင် ပြန်ရောင်းစားကြတာ။ စည်ပင်က ဖျက်တာလည်း မပြောနဲ့။ စည်ပင်ပိုင်မြေထဲ အရောင်းအဝယ်လုပ်ပြီး သူ့ထက်ငါ ဆိုင်အခိုင်အမာတွေဆောက်ကြတာ။ ဈေးရောင်းတာမဟုတ်ဘူး၊ ဆိုင်ကို ပြန်ရောင်းစားတာလေ” လို့ ရန်ကုန်မြို့ခံ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဒီလို ဖယ်ရှားရှင်းလင်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ မိုးရာသီအတွင်း ရေနုတ်မြောင်းပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံတာကို ကာကွယ်ဖို့၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့နဲ့ မြို့တော်သန့်ရှင်းသာယာလှပစေဖို့ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စည်ပင်ဝန်ထမ်းအချို့ရဲ့ ပြောကြားချက်အရ ယခုဆောင်ရွက်မှုဟာ “ရက် ၁၀၀ စီမံချက်” အတွင်း ပါဝင်တာဖြစ်တယ်လို့ ဆိုထားပေမယ့် ဈေးသည်တွေကတော့ အခုလို ဖယ်ရှားရှင်းလင်းမှုတွေဟာ အပြီးအပိုင်လုပ်ဆောင်တာလား၊ ဒါမှမဟုတ် ယခင်ကလို ခေတ္တရှင်းလင်းပြတာမျိုးသာလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

လတ်တလောမှာတော့ မိုးရာသီမတိုင်မီ မြောင်းဆယ်တာ၊ လမ်းနယ်နိမိတ်ရှင်းလင်းတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီတွေက အပြိုင်အဆိုင် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး