Homeပြည်တွင်းသတင်းGrade 8 ကျောင်းသူလေး မဖူးပွင့်ဝေအတွက် တရားမျှတမှုဖော်ဆောင်ရန် IWU တောင်းဆို

Grade 8 ကျောင်းသူလေး မဖူးပွင့်ဝေအတွက် တရားမျှတမှုဖော်ဆောင်ရန် IWU တောင်းဆို

၉ မေ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အသက် ၁၆ နှစ်အရွယ် Grade 8 ကျောင်းသူ မဖူးပွင့်ဝေကို တောင်ကြီးမြို့ရှိ “ပီတာဘား” ပိုင်ရှင်က ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး တရားမျှတမှုဖော်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေး မင်းချောင်းလယ်ရွာမှာ နေထိုင်တဲ့ မဖူးပွင့်ဝေဟာ တောင်ကြီးမြို့ “ပီတာဘား” ပိုင်ရှင် အောင်မျိုးမင်း (ခ) ပီတာရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ IWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဒေသခံလူထုအကြား တုန်လှုပ်ချောက်ချားစရာ ဖြစ်စေခဲ့ပြီး ကျူးလွန်သူဟာ လူကုံထံအသိုင်းအဝိုင်းနဲ့ ဆက်နွယ်သူတစ်ဦးဖြစ်သလို အာဏာပိုင်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိတယ်လို့ IWU က ထောက်ပြထားပါတယ်။

လက်ရှိ ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်အောက်မှာ “ငွေရှိရင် တရားနိုင်” ဆိုတဲ့ အခြေအနေမျိုးနဲ့ မဖူးပွင့်ဝေအတွက် တရားမျှတမှု ပျောက်ဆုံးသွားမှာကို IWU နဲ့ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လုံးဝလက်မခံကြောင်းနဲ့ ကျူးလွန်သူကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အဆုံးအထိ ရပ်တည်ဆောင်ရွက်သွားမယ်လို့ အလေးအနက် ထုတ်ပြန်ထားပါတယ်။

“ညီမလေး မဖူးပွင့်ဝေအတွက် တရားမျှတမှု ရပါစေ” ဆိုတဲ့ တောင်းဆိုသံတွေနဲ့အတူ ကျူးလွန်သူကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းတောင်းဆိုနေကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး