၉ မေ ၂၀၂၆ | New Day Myanmar
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘာမှတိုးတက်မလာတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေကြား စိတ်ပျက်မှုတွေ မြင့်တက်နေတယ်လို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောလိုက်ပါတယ်။
အဲဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလွဲလို့ ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ အားလုံး တက်ရောက်ခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ဖို့ အခုထက်ပိုပြီး အားထုတ်ကြိုးပမ်းသွားဖို့ကိုလည်း ခေါင်းဆောင်တွေကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကတော့ မြန်မာ့အရေးကို အာဆီယံရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ “မြူတစ်မှုန်စာအရွေ့တောင် မရှိဘူး” လို့ ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဘက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်နေကြတာလည်း ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတွေကနေ ဆက်လက်ဖယ်ကြဉ်ထားပေမယ့် မကြာခင်မှာတော့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကနေ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုဟာ မြန်မာ့အရေး တိုးတက်မှု ရှိမရှိ ထိတွေ့ဆက်ဆံပြီး စမ်းသပ်ကြည့်တဲ့ အဆင့်တစ်ခုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးလို အခြေခံမူဝါဒတွေကို ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့ သမ္မတမားကို့စ်ဂျူနီယာက အလေးပေး ပြောကြားထားပါတယ်။
လက်ရှိမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။


