၂ မေ ၂၀၂၆ | New Day Myanmar
မေ ၂ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ဂုံးကျော်တံတားတစ်ခုပေါ်မှာ “ငါတို့ သမ္မတက ဦးဝင်းမြင့်” လို့ ရေးသားထားတဲ့ ဘန်နာတစ်ခုကို ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ အခြေအနေအောက်မှာတောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်လောက်အခက်အခဲတွေရှိရှိ သမ္မတကြီးနဲ့အတူ ရင်ဆိုင်သွားမယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ခေါင်းဆောင်တွေအပေါ် ယုံကြည်ချက်မယိမ်းယိုင်ဘူး။ သမ္မတကြီး ကျန်းမာရေးကောင်းကောင်းနဲ့ ပြန်လည်လွတ်မြောက်လာတာဟာ ပြည်သူတွေအတွက် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်တယ်” လို့ အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။
ယင်းအဖွဲ့ဟာ မကြာသေးမီရက်ပိုင်းကလည်း ဦးဝင်းမြင့် လွတ်မြောက်လာတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ကြိုဆိုကြောင်း ဗီဒီယိုဖိုင်တွေ ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ သဘောထားကို ပြသခဲ့ပါတယ်။
ရန်ကုန်မြို့လယ်ကောင်မှာ အခုလို ဘန်နာချိတ်ဆွဲ ဆန္ဒထုတ်ဖော်တာဟာ လူထုရဲ့ နိုင်ငံရေးစိတ်အား မလျော့သေးကြောင်း ပြသတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။


