Homeပြည်တွင်းသတင်းပြည်ပသွင်းကုန် ၂၀၀ ကျော် အကောက်ခွန်တိုးမြှင့်မှုကြောင့် ရန်ကုန်ရှိ အခြေခံစားသောက်ကုန်နှင့် ကုန်ကြမ်းဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်

ပြည်ပသွင်းကုန် ၂၀၀ ကျော် အကောက်ခွန်တိုးမြှင့်မှုကြောင့် ရန်ကုန်ရှိ အခြေခံစားသောက်ကုန်နှင့် ကုန်ကြမ်းဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်

၂၆ ဧပြီ ၂၀၂၆ | New Day Myanmar

ပြည်ပက တင်သွင်းနေတဲ့ ကုန်စည်အမျိုးအစား ၂၅၂ မျိုးအပေါ် အကောက်ခွန်နှုန်းထားတွေ တိုးမြှင့်ကောက်ခံမယ်လို့ စစ်ကော်မရှင် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကြေညာလိုက်တာကြောင့် ရန်ကုန်မြို့ရှိ အခြေခံလူထုရဲ့ နေ့စဉ်စားသောက်မှုစရိတ်နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ထပ်မံဖိအားများလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

အကောက်ခွန်နှုန်းထားသစ်တွေကို လာမယ့် မေ ၁ ရက်ကနေ စတင်အသုံးပြုသွားမှာဖြစ်ပြီး စက်ဆီ၊ ချောဆီ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အပါအဝင် အခြေခံစားသောက်ကုန်အများစုမှာ အခွန်တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်ပက တင်သွင်းလာတဲ့ မုန့်နဲ့ စားသောက်ကုန်တွေကို ယခင် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အပြင် ငါးနဲ့ ရေထွက်ပစ္စည်းတွေကိုလည်း ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ Bakery လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေမှာ အဓိကအသုံးပြုနေတဲ့ ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေဟာ အခွန်တိုးမြှင့်မှုကြောင့် ယခင်ထက် နှစ်ဆနီးပါး ဈေးတက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဒါ့အပြင် ပလတ်စတစ်ထုပ်ပိုးပစ္စည်းတွေ၊ ကုန်ကြမ်းပစ္စည်းတွေပါ အခွန်တိုးမြှင့်ခံထားရတာကြောင့် ပြည်တွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေ (MSME) ရဲ့ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာပြီး နောက်ဆုံးမှာ စားသုံးသူတွေအပေါ် တိုက်ရိုက်သက်ရောက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြထားပါတယ်။

တစ်ဖက်မှာလည်း ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ စက်ဆီ၊ ချောဆီ၊ တာယာနဲ့ ကျွတ်တွေကိုပါ အခွန်တိုးမြှင့်လိုက်တာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာနိုင်ပြီး အခြေခံကုန်စည်ဈေးနှုန်းတွေ ထပ်မံတက်လာစေမယ့် အချက်တစ်ခု ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ယခုလို အကောက်ခွန်တိုးမြှင့်လိုက်တာဟာ နိုင်ငံခြားငွေလိုအပ်ချက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်နိုင်ပေမယ့် လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ကုန်စည်ရှားပါးမှုဒဏ်ကို ပြည်သူတွေ ပိုမိုခံစားနေရတာဖြစ်ပါတယ်။

အဆိုပါ အခွန်နှုန်းသစ်တွေ မေ ၁ ရက်ကစတင် အကျိုးသက်ရောက်လာပါက ရန်ကုန်မြို့ရှိ အခြေခံလူနေမှုစရိတ်နဲ့ လုပ်ငန်းလည်ပတ်မှုစရိတ်တွေ သိသာစွာ တိုးမြှင့်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုအတွက် အခက်အခဲတွေ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး