Homeပြည်တွင်းသတင်းစစ်တပ်ထံ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ လွှဲပြောင်းပေးမှုအတွက် တယ်လီနော မြန်မာကို တရားစွဲ

စစ်တပ်ထံ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ လွှဲပြောင်းပေးမှုအတွက် တယ်လီနော မြန်မာကို တရားစွဲ

၈ ဧပြီ ၂၀၂၆ | New Day Myanmar

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တဲ့ Telenor Myanmar က သုံးစွဲသူတွေ ၁,၂၀၀ ကျော်ရဲ့ ဖုန်းအချက်အလက်တွေကို စစ်ကော်မရှင်ထံ လွှဲပြောင်းပေးခဲ့တယ်ဆိုပြီး ဆွီဒင်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုက တရားစွဲမှု တစ်ခုကို တင်သွင်းလိုက်ပါတယ်။

အဆိုပါအမှုကို Justice and Accountability Initiative က နော်ဝေနိုင်ငံမှာ တင်သွင်းခဲ့တာဖြစ်ပြီး Telenor Myanmar က နိုင်ငံရေးအတိုက်အခံလို့ သံသယရှိသူတွေ ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေနဲ့ တည်နေရာအချက်အလက်တွေကို စစ်တပ်ထံလွှဲပြောင်းပေးခဲ့တာကြောင့် နှိပ်ကွပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲ့ဒီလို ဒေတာလွှဲပြောင်းမှုကြောင့် အနည်းဆုံး တက်ကြွလှုပ်ရှားသူ တစ်ဦး ကွပ်မျက်ခံခဲ့ရပြီး တစ်ဦးကတော့ ထပ်မံတရားစွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုအမှုမှာ ဒေတာလွှဲပြောင်းခံရသူ တစ်ဦးအတွက် ယူရို ၉,၀၀၀ ခန့်ကို နစ်နာကြေးအဖြစ် တောင်းဆိုထားပါတယ်။

Telenor ကုမ္ပဏီဘက်ကတော့ မြန်မာစစ်တပ်ထံ ဆက်သွယ်ရေးဒေတာ ပေးရတာဟာ ဥပဒေအရ လိုအပ်ချက်ဖြစ်ပြီး၊ မလိုက်နာပါက ဝန်ထမ်းတွေ အနေနဲ့ ထောင်ဒဏ်၊ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် သေဒဏ်အထိ ကြုံတွေ့နိုင်တဲ့ အန္တရာယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“Telenor Myanmar မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဝန်ထမ်းတွေ အသက်ကို အန္တရာယ်ထဲ မထည့်နိုင်ခဲ့ပါဘူး” လို့ ကုမ္ပဏီဘက်က ပြောပါတယ်။ ဒေတာတွေကို အာဏာပိုင်တွေ အလွဲသုံးစားလုပ်ခဲ့ရင်လည်း ဒါဟာ “စိတ်မကောင်းစရာ” ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ စစ်ကော်မရှင်ရဲ့ တာဝန်သာဖြစ်ပြီး ကုမ္ပဏီအပေါ် တာဝန်မရှိဘူးလို့လည်း ထပ်မံပြောဆိုထားပါတယ်။

တရားစွဲဆိုမှုအရ Telenor Myanmar ဟာ ၂၀၂၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံက ထွက်ခွာမတိုင်မီ ဖုန်းနံပါတ် ၁,၂၅၃ ခုရဲ့ အချက်အလက်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူ ကိုအောင်သူက သူ့ဒေတာတွေဟာ လွှဲပြောင်းခံရတဲ့စာရင်းထဲ ပါဝင်ခဲ့ပြီး အဲဒီအချက်အလက်တွေကြောင့် ပြန်လည်ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ထို့အပြင် ၂၀၂၂ ခုနှစ်မှာ ကွပ်မျက်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော် ရဲ့ ဖုန်းဒေတာကိုလည်း ကွပ်မျက်မခံရမီ ရက်သတ္တပတ်အနည်းငယ်အလိုမှာ လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

လက်ရှိမှာတော့ Telenor Myanmar ကို ATOM အဖြစ်နာမည်ပြောင်းထားပြီး M1 Group နဲ့ ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom ပိုင်ဆိုင်သူ စစ်တပ်ရဲ့ မိတ်ဖက် ခရိုနီသိန်းဝင်းဇော် က ပိုင်ဆိုင်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး