Homeပြည်တွင်းသတင်းသင်္ကြန်အပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့က ခရီးသွားကားတွေပေါ်ကနေ လူငယ်တွေကို ဆွဲချကာ ပေါ်တာဆွဲဖမ်းဆီးနေ

သင်္ကြန်အပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့က ခရီးသွားကားတွေပေါ်ကနေ လူငယ်တွေကို ဆွဲချကာ ပေါ်တာဆွဲဖမ်းဆီးနေ

၂၀ ဧပြီ ၂၀၂၆ ၊ New Day Myanmar

သင်္ကြန်အပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့က ခရီးသွားကားတွေပေါ်ကနေ လူငယ်တွေကို ဆွဲချကာ ပေါ်တာဆွဲဖမ်းဆီးနေတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့ ခရီးသွားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ပြည် – ကံမ လမ်းခွဲနဲ့ ကျောက်ခွဲစက်လမ်းပေါ်မှာ စစ်ကော်မရှင် လက်အောက်ခံ စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ခရီးသွားကားတွေပေါ် တက်ကာ လူငယ်တွေကို ဆွဲချ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဂိတ်လည်း မဟုတ်ဘူးဗျ။ ကားလမ်းမပေါ်မှာ ခရီးသွားကားတွေကို တားပြီး လက်ညိုးထိုးပြီး ဆွဲခေါ်သွားတာ။ လူငယ် ၂၀ ကျော်ထဲက ၈ ဦးလောက် ကျွန်တော်တို့ကားပေါ်က ပါသွားတယ်။ ကလေးတွေက လူငယ်တွေဆိုတော့ အုပ်ထိန်းသူမပါဘူးဗျ။ သူတို့ကားပေါ်မှာ သင်္ကြန်အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေ အပြန်အလှန် ဖလှယ်ကြတာပဲ တွေ့ပါတယ်။ အခြားနိုင်ငံရေးနဲ့ ပတ်သက်တာ ပြောသံမကြားပါဘူး” လို့ သူက ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း ပြည်မြို့ အဝေးပြေးကားကွင်းထဲက ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ခရီးသွားလူငယ်တစ်ဦးကို အရပ်ဝတ်တွေနဲ့ ပျူစောထီးတွေက လက်ထိပ်ခတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ စုံစမ်းသိရှိရပါတယ်။

အလားတူ ရန်ကုန်မြို့ တောင်/မြောက်လမ်းဆုံမှာလည်း မနေ့က ဧပြီ ၁၉ ရက် နံနက်ပိုင်းက စစ်ကော်မရှင် လက်အောက်ခံ စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ကိုယ်ပိုင်ယာဉ်အချို့နဲ့ အငှားယာဉ်တွေကို တားဆီး စစ်ဆေးနေတာတွေ ရှိတယ်လို့ ရန်ကုန်မြို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ကြည့်ရတာ သတင်းတစ်ခုခု ရထားကြတယ်ထင်တယ်။ အဲဒီလို မစစ်တာ ကြာပြီဗျ။ အခု သင်္ကြန်အပြီး အဲလို စစ်တာ သုံးလေးခါ ကြုံနေရတယ်” လို့ သူက ဆိုပါတယ်။

ပုံစာ – ခရီးသွားယာဉ်တွေ စစ်ဆေးနေသည့် စစ်ကော်မရှင် ပူးပေါင်းအဖွဲ့

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး