၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ ဦးကို ရဲယူနီဖောင်းဝတ်သူတဦးနဲ့ အရပ်ဝတ်တဦးက ဖုန်းယူစစ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရန်ကုန်မြို့အတွင်း ဖမ်းဆီးမှုတွေကို စောင့်ကြည့်နေတဲ့ ကွန်ရက်တခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင် ၅ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လှည်းတန်းဘူတာမှာ လူငယ် ၂ ဦး ထိုင်နေချိန် ရဲယူနီဖောင်းဝတ်သူတဦးနဲ့ အရပ်ဝတ်တဦးတို့ ဆိုင်ကယ်တစီးနဲ့ ရောက်လာကာ ဖုန်းတွေယူစစ်ခဲ့တာလို့ ဆိုပါတယ်။
ဖုန်းစစ်ဆေးပြီးနောက် အဲဒီလူငယ် ၂ ဦးကို ဖမ်းဆီးကာ ပရဟိတလူနာတင်ယာဉ်ပေါ် တင်ပြီး ခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာနဲ့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ကမာရွတ်မြို့နယ်အတွင်းမှာ ပရဟိတလူနာတင်ယာဉ်တွေကို အသုံးပြုပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာ မကြာခဏရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ လမ်းပေါ်စစ်ဆေးမှု၊ ဧည့်စာရင်းစစ်ဆေးမှု၊ ဖုန်းစစ်ဆေးမှုတွေကနေတဆင့် လူငယ်တွေ ဖမ်းဆီးခံရတာတွေ ဆက်လက်ဖြစ်ပွားနေပြီး မိသားစုဝင်တွေက ဖမ်းဆီးခံရသူတွေရဲ့ တည်နေရာနဲ့ အခြေအနေကို အချိန်မီ မသိရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
လှည်းတန်းဘူတာမှာ လူငယ် ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


