Homeပြည်တွင်းသတင်းမိုးတွင်းကာလ ညပိုင်းလမ်းလုံခြုံရေးအတွက် လူငယ်တွေကို ခေါ်မရတာကြောင့် အသက်ကြီးပိုင်းတွေကိုသာ အားကိုးခန့်ထားရဟု ဆို

မိုးတွင်းကာလ ညပိုင်းလမ်းလုံခြုံရေးအတွက် လူငယ်တွေကို ခေါ်မရတာကြောင့် အသက်ကြီးပိုင်းတွေကိုသာ အားကိုးခန့်ထားရဟု ဆို

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

မိုးတွင်းကာလ ညပိုင်းလမ်းလုံခြုံရေးအတွက် ကင်းစောင့်မယ့် လူငယ်တွေကို ခေါ်ယူဖို့ အခက်အခဲရှိနေတာကြောင့် အသက်ကြီးပိုင်းတွေကိုသာ အဓိက အားကိုးခန့်ထားနေရတယ်လို့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မိုးတွင်းညပိုင်းတွေမှာ အိမ်ဖောက်ထွင်းခံရတာ၊ လမ်းဘေးရပ်ထားတဲ့ ကားတွေရဲ့ ဘေးမှန်တွေ ဖြုတ်ခိုးခံရတာလို ရာဇဝတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေစိုက်ထုတ်ပြီး ညပိုင်းလုံခြုံရေးဝန်ထမ်းတွေကို ငှားရမ်းထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ညဘက်ကင်းစောင့်ဖို့ လူခေါ်တဲ့အခါ လူငယ်တွေကို ရှာဖွေဖို့ ခက်ခဲနေတာကြောင့် အသက် ၆၀ ကနေ ၇၀ ဝန်းကျင်အရွယ် အငြိမ်းစားဝန်ထမ်းဟောင်းတွေကို အစားထိုးခေါ်ယူနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

“အခုက မိုးကလည်းရွာ၊ ညဘက် လမ်းထဲလုံခြုံရေးအတွက် လူခေါ်ရတာ တကယ်မလွယ်ဘူး။ လူငယ်တွေက ရှာရခက်တယ်။ မရဘူး။ အဲဒီတော့ အသက်ကြီးပေမယ့် သန်မာပြီး ညဘက်စောင့်နိုင်တယ်ဆို ခေါ်ရတော့တာပဲ” လို့ ပန်းဘဲတန်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးရွာတဲ့ညတွေမှာ အလစ်သုတ်ခိုးယူတာတွေအပြင် အုပ်စုဖွဲ့ လုယက်တာတွေပါ ဖြစ်ပွားလာတာကြောင့် လုံခြုံရေးအစီအမံတွေကို ပိုမိုတိုးမြှင့်ထားရတယ်လို့လည်း ဆိုပါတယ်။

လမ်းထိပ်နှစ်ဖက်စလုံးမှာ အနည်းဆုံး လူနှစ်ဦးစီ ချထားရသလို၊ လမ်းအလယ်ပိုင်းမှာလည်း အရေးပေါ်အခြေအနေတွေ ကြုံလာရင် အကူအညီပေးနိုင်ဖို့ နောက်ထပ် လူနှစ်ဦး ခန့်ထားရတယ်လို့ သိရပါတယ်။

ဒါကြောင့် လမ်းတစ်လမ်းချင်းစီအလိုက် လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၄ ဦးကနေ ၆ ဦးအထိ အသုံးပြုပြီး ညဘက်ကင်းလှည့် စောင့်ကြပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related News

Most Read