Homeပြည်တွင်းသတင်းစစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ကိုယ်ရေးသတင်းအချက်အလက်တွေကို အွန်လိုင်းကတဆင့် ထိန်းချုပ်စီမံဖို့ စစ်ကောင်စီ ပြင်ဆင်

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ကိုယ်ရေးသတင်းအချက်အလက်တွေကို အွန်လိုင်းကတဆင့် ထိန်းချုပ်စီမံဖို့ စစ်ကောင်စီ ပြင်ဆင်

၄ စက်တင်ဘာ၊ ၂၀၂၄

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို အွန်လိုင်းက တဆင့် စီမံထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၆ / ၂၀၂၄ မှာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိုယ်ရေးအချက်အလက်များ စီမံခန့်ခွဲမှုစနစ် NSIMS ကို အကောင်အထည်ဖော်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနတွေ ပေါင်းစပ်ဆောင်ရွက်ရမှာ ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းဆောင် ရွက်ပေးကြဖို့လည်း ပြောဆိုသွားတယ်လို့ သိရပါတယ်။

ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှု စနစ် (National Service Information Management System-NSIMS)ဆိုတာက UID လိုမျိုး ကိုယ်ရေးအချက်အလက်တွေအကုန် Server မှာ မှတ်ထားမှာ ဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ သူတွေရဲ့ နာမည်စာရင်း၊ မွေးသက္ကရာဇ်၊ နေရပ် လိပ်စာ၊ မှတ်ပုံတင်ကအစ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းပြီးပြီဆိုရင် ထမ်းပြီးတာကို မှတ်တမ်းတင်ထားပါမယ်။ ပြည်နယ်နဲ့တိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက အချက်အလက်တွေကို ယူပြီး Database စတင် တည်ဆောက်နေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ က ၄ အထိကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေကို စာရင်းဇယားအတိအကျနဲ့ ပိုပြီး ခေါ်ယူနိုင်အောင် ပြင်ဆင်နေပြီး ကုန်း လမ်း၊ ရေလမ်းဖြင့် ပို့ဆောင်ရန် ခက်ခဲသော ပြည်နယ်/တိုင်းတွေမှာ စစ်မှုထမ်း တပ်သားသစ်လူငယ်တွေကို လေယာဉ် ရဟတ်ယာဉ်တွေနဲ့ပါ ခေါ်ယူသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စက်တင်ဘာလ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၆ / ၂၀၂၄ / ပုံ – စစ်ကောင်စီ

Related News

Most Read