၂၁ မေ ၂၀၂၆ | New Day Myanmar
ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်အတွင်း အိပ်ပျော်နေတဲ့ ပြည်သူ့ပါတီ (PP) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်ကို စစ်တပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ မနေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ ပြည်မြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၁၁ နာရီခွဲအချိန်မှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်နေ ဦးဇေယျာဇော်ဟာ နေအိမ်မှာ အိပ်ပျော်နေစဉ် စစ်တပ်က ဝင်ရောက်ဖမ်းဆီးကာ ခမရ ၉၅၉ သို့ ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် မေလ ၂၀ ရက်နေ့မှာ ပြည်သူ့ပါတီဘက်က ၎င်းဟာ ကျန်းမာရေးချို့ယွင်းနေကြောင်းနဲ့ စစ်မှုထမ်းရန် ရွှေ့ဆိုင်းပေးဖို့ အရေးပေါ် အသနားခံစာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ၎င်းကို စစ်တပ်ဘက်က ပြန်လည်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ပြည်မြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို လူမှုကွန်ရက်ကတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားထားပါတယ်။
ဦးဇေယျာဇော်ဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး ၂၀၂၅ ခုနှစ် စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ တရားဝင်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူအချို့က နိုင်ငံရေးပါတီတစ်ခုရဲ့ တရားဝင်ကိုယ်စားလှယ်လောင်းကိုပင် ညသန်းခေါင်အချိန်မှာ အတင်းအဓမ္မ ပေါ်တာဆွဲတာဟာ စစ်မှုထမ်းဥပဒေနဲ့ ဆန့်ကျင်နေသလို မြေပြင်မှာ မည်သူ့ကိုမဆို အချိန်မရွေး ပေါ်တာဆွဲခံရနိုင်တဲ့ အခြေအနေကို သက်သေပြနေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။


