၁ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်အနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဆက်လက် မလိုက်နာပါက ပိုမိုပြင်းထန်သော နိုင်ငံတကာအရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဥရောပသမဂ္ဂ (EU) က သတိပေးလိုက်ပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ လုံခြုံရေးမတည်ငြိမ်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေပြီး အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေလည်း ဆိုးရွားစွာ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အသင်းအပင်းလွတ်လပ်ခွင့်ကို ကန့်သတ်တာ၊ အလုပ်သမားအဖွဲ့အစည်းတွေကို ဝင်ရောက်စွက်ဖက်တာနဲ့ အလုပ်သမားရေး လှုပ်ရှားသူများအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့း EU က ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းတာ၊ မဖြစ်မနေ လုပ်အားပေးခိုင်းစေမှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုလည်း အလွန်စိုးရိမ်ဖွယ် အခြေအနေတစ်ရပ်အဖြစ် ဖော်ပြထားပါတယ်။
EU က ၂၀၂၅ ခုနှစ်အတွင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတချို့ လွတ်မြောက်လာခြင်းကို ကြိုဆိုထားပေမယ့် အခြားလှုပ်ရှားသူများ ဆက်လက် ဖမ်းဆီးခံထားရမှုအပေါ် စိုးရိမ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးကန့်သတ်ချက်တွေ အောက်မှာ ပြုလုပ်ထားတာဖြစ်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီကြောင်းလည်း ဝေဖန်ထားပါတယ်။
EU က စစ်ကော်မရှင်အနေဖြင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို တမင်တကာ ဆက်လက် ဖောက်ဖျက်နေမယ်ဆိုရင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၃ အရ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ပြတ်သားစွာ သတိပေးထားပါတယ်။
EU နဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ILO နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများတွေရဲ့ လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနဲ့ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ရရှိရေးကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


