Homeပြည်တွင်းသတင်းILO ညီလာခံတွင် မြန်မာနိုင်ငံက ဒုတိယအကြိမ် COI နှင့် ရင်ဆိုင်နေရပြီး အလုပ်သမားအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရကြောင်းတင်ပြ

ILO ညီလာခံတွင် မြန်မာနိုင်ငံက ဒုတိယအကြိမ် COI နှင့် ရင်ဆိုင်နေရပြီး အလုပ်သမားအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရကြောင်းတင်ပြ

၈ ဇွန် ၂၀၂၆ | New Day Myanmar

၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံဟာ ILO ရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – COI) နဲ့ ဒုတိယအကြိမ်မြောက် ရင်ဆိုင်နေရပေမယ့် အခြေခံအလုပ်သမားအခွင့်အရေးတွေ ဆက်လက်ပြင်းထန်စွာ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (CTUM) က တင်ပြပြောကြားလိုက်ပါတယ်။

အဆိုပါ ညီလာခံမှာ CTUM ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက မြန်မာနိုင်ငံဟာ ယခင်က အဓမ္မလုပ်အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး COI ရဲ့ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရဖူးကြောင်း၊ ယခု ဒုတိယအကြိမ်မှာတော့ အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အပြင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၈၇) ကိုပါ စနစ်တကျနဲ့ ပြင်းထန်စွာ ချိုးဖောက်နေတာတွေ့ရှိရတယ်လို့ တင်ပြခဲ့ပါတယ်။

စစ်ကော်မရှင်က အလုပ်သမားသမဂ္ဂဝင်တွေနဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခြင်းဟာ အခြေခံပြဿနာကို မဖြေရှင်းနိုင်ကြောင်းနဲ့ “အစကတည်းက မဖမ်းသင့်တဲ့သူတွေကို ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးတဲ့အပေါ် နိုင်ငံတကာက ချီးကျူးဖို့မလိုပါဘူး” လို့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောကြားခဲ့ပါတယ်။

ထို့အပြင် စစ်ကော်မရှင်ဘက်က အလုပ်သမားအဖွဲ့အစည်း ၃,၀၀၀ ကျော်ကို မှတ်ပုံတင်ပေးထားတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ သမဂ္ဂခေါင်းဆောင်အများစုဟာ ပြည်ပကို တိမ်းရှောင်နေကြရပြီး အဲဒီကနေတစ်ဆင့် အလုပ်သမားအရေး ဆက်လက်ဆောင်ရွက်နေကြရတယ်လို့ တင်ပြခဲ့ပါတယ်။

ပြည်တွင်းမှာရှိတဲ့ အလုပ်သမားအများစုဟာလည်း ဖမ်းဆီးခံရမှာ ဒါမှမဟုတ် လက်တုံ့ပြန်ခံရမှာကို စိုးရိမ်ကြတာကြောင့် မိမိတို့ကိုယ်ကို သမဂ္ဂအဖွဲ့ဝင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုဖို့တောင် မရဲကြဘူးလို့ အလုပ်သမားအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

“အခုအခြေအနေမှာ ကိုယ်က အလုပ်သမားသမဂ္ဂဝင်တစ်ယောက်ပါဆိုတာတောင် မပြောရဲဘူး။ သိသွားရင် အလုပ်ကနေ အကြောင်းအမျိုးမျိုးရှာပြီး ထုတ်ပစ်တယ်။ အာဏာပိုင်တွေ သိသွားရင်လည်း ဖမ်းဆီးခံရနိုင်တယ်။ ဒါကြောင့် အလုပ်သမားအရေးကိစ္စတွေကို တိုးတိုးတိတ်တိတ်ပဲ လုပ်နေရတယ်” လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒေါ်ဖြိုးစန္ဒာစိုးက CTUM ဥက္ကဋ္ဌ ဦးမောင်မောင်ရဲ့ နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရမှုကိုလည်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်အပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှုတစ်ရပ်အဖြစ် ထောက်ပြခဲ့ပါတယ်။

“မြန်မာအလုပ်သမားတွေဟာ အထူးအခွင့်အရေးတွေ တောင်းဆိုနေတာမဟုတ်ပါဘူး။ ILO ပြဋ္ဌာန်းချက်တွေအရ အာမခံထားတဲ့ အခြေခံအခွင့်အရေးတွေကိုပဲ တောင်းဆိုနေတာပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ COI အကြံပြုချက်တွေ အကောင်အထည်ဖော်မှုကို အကဲဖြတ်ရာမှာ ကတိကဝတ်တွေ၊ ထုတ်ပြန်ချက်တွေ ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသာခွင့် အရေအတွက်တွေနဲ့ မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းက အလုပ်သမားတွေရဲ့ နေ့စဉ်ဘဝနဲ့ လွတ်လပ်ခွင့်တွေမှာ မြင်သာထင်ရှားတဲ့ တိုးတက်မှု ရှိ၊ မရှိအပေါ် အခြေခံပြီး တိုင်းတာသင့်တယ်လို့ ILC ညီလာခံကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး