Homeပြည်တွင်းသတင်းဇွန်လလယ်အထိ မိုးအဆက်မပြတ်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်

ဇွန်လလယ်အထိ မိုးအဆက်မပြတ်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်

၈ ဇွန် ၂၀၂၆ | New Day Myanmar

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်အနီးမှာ လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေတာကြောင့် လာမယ့် ဇွန်လ ၁၄ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးဆက်လက်ရွာသွန်းနိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေဘေးအန္တရာယ်တွေကို သတိထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA) က သတိပေးထုတ်ပြန်ထားပါတယ်။

အဲဒီကာလအတွင်း ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်ပြည်နယ်တွေအပြင် တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ခြေရှိနေပြီး လျှပ်တပြက်ရေလွှမ်းမိုးမှု၊ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှု၊ တောင်ပြိုမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တာကြောင့် သတိပြုသွားလာနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့ရတဲ့ မြေပြိုမှုနဲ့ မိုးကြိုးပစ်မှုဖြစ်စဉ်ရှိခဲ့သလို ဇွန်လ ၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းဒေသတွေ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပင်လောင်းမြို့နယ်ဘက်က တောင်ပေါ်ဒေသတွေက စီးဆင်းလာတဲ့ တောင်ကျရေ ပမာဏများပြားတာကြောင့် တောင်ယာစိုက်ခင်း အများအပြား ပျက်စီးဆုံးရှုံးနေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့မှာလည်း တောင်ကျရေကြောင့် ရေဘေးဒဏ် ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ပုံစာ – ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် မြင်ကွင်း။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး