၉ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်ကြား ရရှိထားတဲ့ ယာယီအပစ်ရပ် သဘောတူညီမှုဟာ အလွန်လွယ်ကူစွာ ပျက်ပြားနိုင်တဲ့ အခြေအနေမှာရှိနေပြီး ကြာသပတေးနေ့ အာရှဈေးကွက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။
အပစ်ရပ်ကာလ နှစ်ပတ်တာ အစီအစဉ်ဟာ အစ္စရေးက လက်ဘနွန်ကို ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ အခြေအနေကြောင့် စမ်းသပ်မှုကြုံနေရပြီး တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါက အီရန်အစိုးရက နောင်တရစေမယ့် တုံ့ပြန်မှု ပြုလုပ်မယ်လို့ သတိပေးထားပါတယ်။
အရေးကြီးတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်မယ်ဆိုတဲ့ သဘောတူညီမှု ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ရေနံဈေးတွေ ကျဆင်းခဲ့ပေမယ့် အခုအခြေအနေမတည်မငြိမ်မှုတွေကြောင့် ပြန်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံညွှန်းကိန်းဖြစ်တဲ့ ဘရင့်တ် ရေနံစိမ်းဟာ ၃.၃ ရာခိုင်နှုန်းတက်ပြီး တစ်စည်လျှင် ဒေါ်လာ ၉၇.၉၀ ထိ ရောက်ရှိလာပါတယ်။ အမေရိကန်ရဲ့ ဝက်စ် တက်ဆက် အင်တာမီဒီယိတ် (WTI) လည်း ၃.၂ ရာခိုင်နှုန်းတက်ပြီး ဒေါ်လာ ၉၇.၅၅ ထိ မြင့်တက်လာပါတယ်။
အပစ်ရပ် သဘောတူညီမှုကို ဒေါ်နယ်လ် ထရမ့်က ဝါရှင်တန်စံတော်ချိန် ည ၈ နာရီ နောက်ဆုံးအချိန်မတိုင်မီ မကြာခင်မှာ ကြေညာခဲ့တာဖြစ်ပြီး မရပါက လူ့အဖွဲ့အစည်းတခုလုံးပျက်သုန်း လို့ သတိပေးခဲ့ပါတယ်။
သဘောတူညီမှုရဲ့ အဓိကအချက်တစ်ခုက သင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားကို လုံခြုံစွာ ဖြတ်သန်းနိုင်ရမယ်ဆိုတာဖြစ်ပေမယ့် အီရန်ရေတပ်ရဲ့ ခွင့်ပြုချက်မရဘဲ ဖြတ်သန်းလာတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား ဖျက်ဆီးမယ်လို့ သတိပေးထားကြောင်း သင်္ဘောကျင်းလုပ်ငန်း SSY က အတည်ပြုပါတယ်။
လက်ရှိမှာ ရေလက်ကြားကနေ သင်္ဘောသွားလာမှုဟာ စစ်ပွဲမတိုင်မီ တစ်နေ့ကို ပျမ်းမျှ ၁၃၀ စင်းခန့်ရှိခဲ့တဲ့အခြေအနေထက် အလွန်နည်းပါးနေဆဲဖြစ်ပြီး အချို့သင်္ဘောတွေကပဲ ဖြတ်သန်းနိုင်သေးတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Pole Star Global ကလည်း ပိတ်မိနေတဲ့ သင်္ဘောတွေကို အပြည့်အဝ ပြန်ရှင်းဖို့ အနည်းဆုံး ၁၀ ရက်ခန့် လိုအပ်မယ်လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း လက်ဘနွန်ဟာ အပစ်ရပ်သဘောတူညီမှုထဲ ပါဝင်မှုရှိမရှိအပေါ် သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေပြီး အစ္စရေးက လက်ဘနွန်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၈၀ ကျော် သေဆုံးခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဒါဟာ အပစ်ရပ်ချိုးဖောက်မှုတွေကို တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် စနေနေ့မှာတော့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ်က ပါကစ္စတန်မှာ ကျင်းပမယ့် အီရန်နဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ဖို့ စီစဉ်ထားပါတယ်။


