၂၇ မတ်လ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ပြောရေးဆိုခွင့်ရှိသူ နေရာကနေ ဖယ်ရှားထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဘာကြောင့် တာဝန်ကနေ ဖယ်ရှားလိုက်တာလဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကော်မရှင်က မတ်လ ၂၅ ရက်ညမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ အထိမ်းအမှတ် ညစာစားပွဲ သတင်းထုတ်ပြန်ချက်တွေမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပုံ မပါဝင်တာကို တွေ့ရပြီး၊ ဗိုလ်ချုပ် စိုးဝင်း ဦးဆောင်ကျင်းပတဲ့ အငြိမ်းစား စစ်တပ်အရာရှိတွေကို ကန်တော့ပွဲမှာလည်း ၎င်းကို မတွေ့ရတာကြောင့် ယခုလို သတင်းတွေ ပိုမိုပြန့်နှံ့လာတာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဗိုလ်ချုပ် စိုးဝင်းက တပ်မတော်နေ့နောက်ပိုင်းမှာ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာလည်း ရှိပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူလာသူဖြစ်ပြီး၊ လာမယ့် စစ်ကော်မရှင် အစိုးရအသစ်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါ သတင်းတွေကို စစ်ကော်မရှင်ဘက်က တရားဝင် အတည်ပြုထားခြင်း မရှိသေးပါဘူး။


