Homeဆောင်းပါးအယ်လ်ဂိုရစ်သမ် စုန်းမကြီးများနှင့် သနားစရာကလေးငယ်များ

အယ်လ်ဂိုရစ်သမ် စုန်းမကြီးများနှင့် သနားစရာကလေးငယ်များ

ဩစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် အရဲရင့်ဆုံးလုပ်ဆောင်ချက်ကို ပြတ်ပြတ်သားသား လုပ်ပြခဲ့ပါပြီ။ အသက် ၁၆ နှစ်အောက်ကလေးတွေကို ဆိုရှယ် မီဒီယာ မသုံးရဆိုတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြဌာန်းလိုက်တာပါ။

ကလေးတွေကို ဆိုက်ဘာအနိုင်ကျင့်မှု၊ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ စွဲလမ်းစေတဲ့ အယ်လ်ဂိုရစ်သမ် (Algorithms) တွေရဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် အဲဒီလိုဖြစ်သွားရတာလဲ။ အရင်ဆုံး အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲခိုင်းရင် ဘာဖြစ်သွာမလဲဆိုတာကို အဖြေရှာကြည့်ရအောင်ပါ။ ကလေးမိဘတွေကိုတော့ Youtube နဲ့ Tittok ကလည်း ဆိုရှယ်မီဒီယာထဲမှာ အကြုံးဝင်တယ်ဆိုတာကို ပထမဦးဆုံး အသိပေးချင်ပါတယ်။

အမေရိကန် ကလေးအထူးကု ဆရာဝန်များအဖွဲ့ (American Academy of Pediatrics) က ၂၀၁၆ မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနကို အရင်ကြည့်ရအောင်ပါ။

အဲဒါကတော့ ဖုန်းအသုံးပြုမှုများတဲ့ ကလေးငယ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးတာ၊ လူမှုဆက်ဆံရေးညံ့တာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ အာရုံစူးစိုက်မှုမရှိတော့တာ ဆိုတဲ့ ပြဿနာတွေအပြင် တခြားသတိထားစရာပြဿနာတွေ တွေ့ရှိလာတယ်လို့ သုတေသနက ဖော်ပြထားပါတယ်။

ဒီအချက်တွေဟာ လတ်တလော မြင်သာတာတွေ ရှိနိုင်သလို မမြင်သာတာတွေလည်း ရှိနိုင်ပါတယ်။
ဒါပေမဲ့ ရေရှည်မှာ အင်မတန်ကြောက်ဖို့ကောင်းတယ်ဆိုတာကိုတော့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ကလေးတွေ မျက်လုံးထိခိုက်လာပါမယ်။ ကျောရိုးပုံစံ ပြောင်းလာနိုင်ပါတယ်။
ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ကလေးတွေဟာ စကားပြောနောက်ကျလာနိုင်ပါတယ်။

ဒီလိုမြင်သာတာတွေထက် နက်နက်နဲနဲထပ်တွေးကြည့်ရင် ကလေးတွေဟာ ပြဿနာဖြေရှင်းနိုင်စွမ်း နည်းလာပါမယ်။ ဘဝတလျှောက်မှာ ရင်ဆိုင်ရတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ စွမ်းရည်အလုံအလောက် မရှိတော့တာထိ ဖြစ်သွားနိုင်ပါတယ်။

တခြားတစ်ချက်ဖြစ်တဲ့ အာရုံစူးစိုက်နိုင်စွမ်းမရှိဘူးဆိုတာနဲ့ လူမှုဆက်ဆံရေးမကောင်မွန်ဘူးဆိုတာ ကတော့ လတ်တလော မြင်သာမှုမရှိနိုင်ပေမဲ့ သတိထားကြည့်လို့ ရပါတယ်။ အာရုံစူးစိုက်မှု မရှိဘူးဆိုရင်တော့ ဘယ်အရာကိုမှ သေသေချာချာ လေ့လာမှု မရှိနိုင်တော့သလို လူမှုဆက်ဆံရေး ကျဲပါးတဲ့အခါ တချို့သူတွေအတွက် ဖန်တီးနိုင်စွမ်းဟာလည်း နည်းပါးလာနိုင်ပါတယ်။ လူသားတွေဟာ ဖန်တီးနိုင်စွမ်းကြောင့် တဖြည်းဖြည်းတိုးတက်လာတာပါ။ ဖန်တီးမှုတွေမရှိတော့ဘူးဆိုရင်တော့ တိုးတက်မှုဟာလည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကလေးတွေအတွက် ရေရှည်မှာ အန္တရာယ်ရှိတယ်ဆိုတဲ့အချက်ဟာ နောင်နှစ်တွေကြာမှသာ အကျိုးဆက်ကို မြင်ရမှာဆိုတော့ အဝေးကနေကြည့်ရသလို ခပ်မှုန်မှုန်သာ မြင်ရနိုင်တယ်။ ဒါဆို အခုခေတ် အရွယ်ရောက်သူတွေ Social Media ကြောင့် ဘာတွေဖြစ်နေလဲ။

စကားလုံးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ စိတ်ပညာဆိုင်ရာ အခေါ်အဝေါ်အနေနဲ့တော့ Positive Intermittent Reinforcement (PIR) လို့ ခေါ်ပါတယ်။ နည်းနည်းရှင်းပြရခက်ပေမဲ့ ဒါဟာ လောင်းကစားလုပ်တာမျိုး၊ ကံစမ်းတာမျိုးနဲ့ ဆင်ပါတယ်။

စာဖတ်သူအနေနဲ့ ရှမ်းကိုးမီးဆော့နေရင် ပထမဆုံးရတဲ့ဖဲ ၂ ချပ်ထဲမှာ တစ်ချပ်ကို အရင်ကြည့်လိုက်လို့ ၁၀ ဖြစ်နေရင်တောင် ဆွဲလိုက်တဲ့ နောက်တစ်ချပ်ကတော့ ၉ ဖြစ်နေမှာပဲ ဆိုတဲ့ မျှော်လင့်ချက် မျိုးလိုပေါ့။ ဒါပေမဲ့ အမြဲတန်း မ “ဒို” နိုင်ပါဘူး။ ဒီလိုစွဲလန်းပြီး ဆက်ဆော့နေတာမျိုး၊ ဒီလိုမျိုး သဘောက PIR ဖြစ်ပါတယ်။

ဒီ PIR ဆိုတဲ့ သဘောကို လူမှုကွန်ယက်ဆော့ဖ်ဝဲတွေက အသုံးပြုကြပါတယ်။ ပုံမှန်အရသာလေးရှိတာ ၃ ခုလောက်ကျွေးပြီးရင် ချိုတဲ့ဟာ ၁ ခုလောက်ကျွေးတဲ့ ပုံစံမျိုးနဲ့ လူမှုကွန်ယက်တွေဟာ ကျွန်တော်တို့ ကို ထိန်းချုပ်နေကြတာပါ။ အရွယ်ရောက်သူတွေရဲ့ တစ်ရက်တစ်ရက် ဆိုရှယ်မီဒီယာ သုံးချိန်ဟာ စစ်တမ်းတွေအလိုက် နိုင်ငံတွေအလိုက် ကွဲပြားပေမဲ့ ပတ်ဝန်းကျင်က လူတွေကိုကြည့်လိုက်ရင်တော့ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲနေတယ်ဆိုတာ မြင်သာပါတယ်။

လူကြီးအများစုတောင် အံမတုနိုင်တဲ့ ဒီ PIR ကို နုနယ်တဲ့ ကလေးတွေက ဘာကြောင့် ခံနိုင်ရည် ရှိကြမှာပါလဲ။ ဒါကြောင့် ဩစတြေးလျနိုင်ငံဟာ ကလေးတွေကို အယ်လ်ဂိုရစ်သမ် (Algorithms) အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ဆိုရှယ်မီဒီယာအသုံးမပြုစေရေး ဥပဒေပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။

ကြောက်စရာကောင်းတဲ့ စစ်တမ်းတစ်ခုကို ကြည့်လိုက်ရအောင်ပါ။ အမေရိကန်က Center for Disease Control and Prevention ရဲ့အချက်အလက်တွေဖြစ်ပါတယ်။ အမေရိကန်က အမျိုးသမီးငယ်တွေကြား သတ်သေမှုဟာ ၂၀၁၀ လောက်ကထိ ပုံမှန်အခြေအနေရှိခဲ့တာကနေ ၂၀၁၁ ကစလို့ တရှိန်ထိုး မြင့်တက်သွားပါတယ်။

အသက် ၁၅ ကနေ အသက် ၁၉ အရွယ်သေဆုံးမှုဟာ ၂၀၁၈ မှာ ၇၀ ရာခိုင်နှုန်းထိ ထိုးတက်ခဲ့ပြီး Generation Z လို့ ခေါ်တဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်းမွေးတဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြား သက်သေမှုတွေကတော့ ၁၅၁ ရာခိုင်နှုန်းထိထိုးတက်သွားတာပါ။ ဒီလို ရာခိုင်နှုန်းထောင်တက် သွားတာကတော့ လူမှုကွန်ယက်တွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် သက်ဆိုင်နေပါတယ်။

ဒါဆိုရင်တော့ လူမှုကွန်ယက်အလွန်အကျွံအသုံးပြုတာဟာ ဘယ်အခြေအနေထိ ရောက်နိုင်သလဲဆိုတာ မြင်သာလောက်ပြီ ထင်ပါတယ်။ ကိုယ်ပိုင် အချိန်တွေကုန်တာကစလို့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေအလယ် ကိုယ့်ကိုကိုယ် သတ်သေတာတွေအဆုံးဟာ လူမှုကွန်ယက်တွေနဲ့ သက်ဆိုင် နေပါတယ်။

ဒီနေရာမှာ ကလေးတွေကို ဆိုရှယ်မီဒီယာသာ မသုံးခိုင်းတာဖြစ်ပြီး လူကြီးတွေရဲ့ ကြီးကြပ်မှုနဲ့ သူတို့အရွယ်နဲ့ လိုက်ဖက်မယ့် ဗွီဒီယိုတွေတော့ ပြပေးလို့တော့ ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ စံနှုန်တွေလည်း ရှိပါတယ်။

အသက် ၁ နှစ်အောက်တွေကိုတော့ လုံးဝမပြသင့်သလို ၁ နှစ်နဲ့ ၂ နှစ်အရွယ်တွေကိုတော့ တစ်နာရီထက်ပိုပြီး မပြသင့်ပေမဲ့ အဲဒီထက် နည်းလေ ကောင်းလေးပါတဲ့။ ၃ နှစ်နဲ့ ၄ နှစ် အရွယ်တွေကိုလည်း တစ်နေ့ကို တစ်နာရီထက်ပိုကြာအောင် မပြသင့်ဘူးလို့ သတိပေးထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက မိဘတော်တော်များများ အတွက်တော့ ဒီစံနှုန်းတွေဟာ ခက်ခဲမယ့် အခြေအနေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြိုးစားကြည့်ပါ။ ကလေးနဲ့ တူတူအချိန်ကုန်ပေးပါ၊ ဆော့ပေးပါ။ အဲဒီလို လုပ်ပေးတာဟာ မိဘတွေမရှိလည်း သူတို့ကိုယ်တိုင် ဘဝကို ဖြတ်သန်းနိုင်မယ့် အနေအထားကို ဖန်တီးပေးနေတာလို့ တွေးပေးလို့ရပါတယ်။

Coraline ဆိုတဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်တစ်ခုရှိပါတယ်။ စုန်းမကြီးက မိဘပုံစံဟန်ဆောင်ပြီး ကလေးတွေကို ရုပ်သေးရုပ်လို ကြိုးကိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ခေတ်သစ်မှာတော့ ကိုယ့်ကလေးကို ဖုန်းထဲက အယ်လ်ဂိုရစ်သမ် (Algorithms) ညဏ်ရည်တုတွေက မမြင်ရတဲ့ ကြိုးတွေနဲ့ ရုပ်သေးရုပ်လို ခိုင်းစေနေပါပြီ။

အရှေ့တောင်အာရှနိုင်ငံတွေထဲ အင်ဒိုနီးရှားဟာလည်း ဩစတေးလျလို ဥပဒေမျိုး ပြဌာန်းဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံလို ပဋိပက္ခတွေ ဖြစ်နေတဲ့ အခြေအနေမှာတော့ အဲဒီလို ဥပဒေဖြစ်လာဖို့ကတော့ ဝေးနေပါသေးတယ်။

ဒါပေမဲ့ လောလောဆယ် မိဘတွေလုပ်နိုင်တာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကလေးတွေကို ဖုန်းမသုံးခိုင်းတာကနေ ညဏ်ရည်တု စုန်းမကြီးတွေ ထိန်းချုပ်မယ့်ရန်ကနေ သနားစရာကောင်းတဲ့ ကလေးတွေကို ကာကွယ်လို့ ရနေတာပါပဲ။

အခုပဲ စလိုက်ရအောင်ပါ။

ရေးသူ – လူညိုလှ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး