၂၁ ရာစုထဲမှာ အာဏာရှင်နိုင်ငံတွေ ဘာကြောင့်ပိုများလာပြီး ဘာကြောင့် အသက်ရှည်နေကြတာလဲ။
အဖြေကတော့ အာဏာရှင်နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှုနဲ့ ဒီမိုကရေစီနိုင်ငံတွေကြောင့်လို့ပြောရင် မှားမယ် မထင်ပါဘူး။
အာဏာရှင်တွေအချင်းချင်းရိုင်းပင်းကူညီတဲ့အချက်ကတော့ဟုတ်ပါပြီ ဒီမိုကရေစီနိုင်ငံတွေက ဘာကြောင့်ပါလာရသလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။။ ဘာကြောင့် ဒီလိုစွပ်စွဲရသလဲဆိုတာကို သိနိုင်ဖို့အတွက် အတိတ်ကို နည်းနည်းနောက်ပြန်သွားကြည့်လိုက်ရအောင်ပါ။
၁၉၆၇ ခုနှစ်တုန်းက ဩစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဩစတီးယားလုပ်ငန်းရှင်တွေနဲ့ ဆိုဗီယက် ကွန်မြူနစ်တွေတစ်စု ဗီယင်နာမြို့က အမဲလိုက်စခန်းဟောင်းတစ်ခုမှာ တိတ်တဆိတ်တွေ့ဆုံ ခဲ့ကြပါတယ်။
ဒါဟာ ဩစတီးယားကနေ ဆိုဗီယက်တွေထွက်သွားတာ ၁၀ နှစ်ကျော်ပဲရှိသေးပြီး ဆိုဗီယက်တွေ ဥရောပကို ကျူးကျော်လာမယ့်အပေါ် စိုးရိမ်စိတ်ရှိသေးတဲ့အချိန်လည်း ဖြစ်ပါတယ်။
အဲဒီလို နှစ်ဖက်တွေ့ဆုံခဲ့ကြတဲ့အကြောင်းကတော့ ကွန်မြူနစ်ရုရှားတွေရဲ့ သဘာဝဓာတ်ငွေ့တွေကို အရင်းရှင်ဥရောပနိုင်ငံတွေဆီ တင်ပို့ဖို့ ဖြစ်ပါတယ်။ ပိုက်လိုင်းတည်ဆောက်ရေးဟာ အကုန်အကျ များသလို နည်းပညာလည်းလိုအပ်တာကြောင့် အဆင့်ဆင့်ဆွေးနွေးခဲ့ပြီး ၁၉၇၀ မှာတော့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါဟာ ဒီမိုကရေစီနိုင်ငံတွေက ကွန်မြူနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေနဲ့ ထိပ်တိုက်မတိုးဘဲ စီးပွားရေးအရ ရင်းနှီးအောင်လုပ်ပြီး ဒီမိုကရေစီအလေ့အထတွေ ကူးစက်အောင်လုပ်မယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြိုလဲပြီးချိန်မှာတောင် အဲဒီပိုက်လိုင်းတွေဟာ ကောင်းကောင်းအလုပ်လုပ်ခဲ့ပြီး အခုဖြစ်နေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲအစပိုင်းတွေမှာတောင် အဲဒီဓာတ်ငွေ့ပိုင်းလိုင်းဟာ ရုရှားရဲ့ နိုင်ငံရေး လက်နက်တစ်ခုဖြစ်ပြီး ဥရောပကို အကျပ်ရိုက်စေခဲ့တာပါ။
ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတွေ သိပ်ပြီးကြိုမမြင်နိုင်ခဲ့တာကတော့ အာဏာရှင်နိုင်ငံတွေရဲ့ အငွေ့အသက်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတွေဆီ ကူးစက်လာနိုင်တယ်ဆိုတာကိုပါပဲ။
အခု ၂၁ ရာစုအရောက်မှာတော့ အဲဒီလို ဒီမိုကရေစီနဲ့ အာဏာရှင်နိုင်ငံတွေကြား စီးပွားရေးဆက်စပ်မှုတွေဟာ ပိုတောင်များလာပါတယ်။ အာဏာရှင်တွေခိုးဝှက်ထားတဲ့ ငွေကြေးတွေဟာလည်း ဒီမိုကရေစီနိုင်ငံတွေထဲ နည်းမျိုးစုံနဲ့ရောက်ပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာကြပါတယ်။
ဥပမာ ဗင်နီဇွဲလားနိုင်ငံရဲ့ သယံဇာတတွေကနေ အာဏာရှင်တွေဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး တခြားနိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံခဲ့တာ၊ ရုရှားရဲ့ အထက်ပိုင်းအာဏာရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမေရိကန်နဲ့ အင်္ဂလန်လို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တိတ်တဆိတ် ရှိနေတာမျိုးတွေပါပဲ။
ဒါဆို မြန်မာနိုင်ငံဘက်ကိုလည်း တစ်ချက်ကြည့်လိုက်ရအောင်ပါ။ ဘောင်းဘီချွတ်အစိုးရတဖြစ်လဲ အာဏာရှင်ဦးမင်းအောင်လှိုင်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထိုင်းနိုင်ငံထဲ ဘယ်လောက် ရှိလဲဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ ဒါပေမဲ့ သူ့သားသမီးတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတာကတော့ အသေအချာပါပဲ။ ဒါ့အပြင် တခြားနိုင်ငံတွေမှာရော ဘယ်လောက်ရှိသလဲ ဘယ်သူမှ မသိနိုင်သေးပါဘူး။
ထိုင်းဘက်ကို ခဏထားပြီး အခု ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်ထားပြီး ဒီမိုကရေစီလို့ ကြွေးကြော် ထားတဲ့ အိန္ဒိယနိုင်ငံကရော မြန်မာစစ်တပ်နဲ့ ဘယ်လောက်ရင်းနှီးနေပါသလဲ။
Justic for Myanmar – JFM ကတော့ “မင်းအောင်လှိုင်၏ ဒေလီခရီးစဉ်သည် အိန္ဒိယ၏ ပိုမိုနက်ရှိုင်းလာသော ကြံရာပါပတ်သက်မှုပုံစံတစ်ရပ်၏ အစိတ်အပိုင်းပင် ဖြစ်သည်” လို့ ရေးထားပါတယ်။
JFM ကတော့ အိန္ဒိယလေတပ်နဲ့ အစိုးရပိုင်လုပ်ငန်းတွေဟာ တရားမဝင်မြန်မာစစ်အုပ်စုကို စစ်ဘက်သုံးပစ္စည်းကိရိယာတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၂၈ ရက်နေ့ကလည်း ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ အရပ်ဘက်အဖွဲ့ ၁၂၂ ဖွဲ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဆီကို စာပို့တောင်းဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့လည်း မင်းအောာင်လှိုင်ရဲ့ ခရီးစဉ်ကတော့ မပျက်သွားခဲ့ပါဘူး။
ဒါဟာ ဒီမိုကရေစီနိုင်ငံက အာဏာရှင်ကို အသက်ရှည်အောင် လုပ်ပေးနေတယ်ဆိုတဲ့ အချက်ကိုပိုပြီး သိသာစေတာပါပဲ။
ဒါကြောင့် မြန်မာ့နွေဦးတော်လှန်ရေးဟာ ဦးမင်းအောင်လှိုင်တို့ စစ်အုပ်စုကိုပဲ တော်လှန်နေရတာ မဟုတ်ဘူးဆိုတာကို ပိုပြီးမြင်သာစေပါတယ်။ ကမ္ဘာပေါ်က အာဏာရှင်တွေအချင်းချင်းကြား ရိုင်းပင်းကူညီမှုတွေနဲ့ အာဏာရှင်တွေကို ထောက်ပံ့ပေးနေတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ လုပ်ရပ်တွေကိုပါ တွန်းလှန်နေရတာဖြစ်ပါတယ်။
ဒါဟာ စိတ်ဓာတ်ကျဖို့မဟုတ်ဘဲ အရှိတရားကိုထောက်ပြတာဖြစ်ပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူကို သိမှ ကိုယ့်ဘက်က ပြင်ဆင်မှုတွေလုပ်နိုင်မှာပါ။
ကမ္ဘာပေါ်မှာ အာဏာရှင်တွေ နိုင်ငံတွေ လျော့နည်းသွားဖို့ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတွေကလည်း အချင်းချင်းညီညွတ်နေမှ ဖြစ်မှာပါ။ ဒါ့အပြင် အဲဒီ ဒီမိုကရေစီနိုင်ငံတွေရဲ့လူထုအင်အားကလည်း အရေးကြီးပါသေးတယ်။
ဘာကြောင့်လဲဆိုတော့ အာဏာရှင်နိုင်ငံတွေအပေါ် ပိတ်ဆို့မှုတွေ ထိရောက်အောင် သေချာ စောင့်ကြည့်ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတွေထဲထိရောက်နေတဲ့ နိုင်ငံဖြတ်ကျော် အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ဖို့ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်တွေ လိုအပ်တာကြောင့် ဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေ မညီညွတ်ရင်တော့ အာဏာရှင်နိုင်ငံတွေ သက်ဆိုးပိုရှည်လာပြီး ကမ္ဘာပေါ်မှာ ပိုလည်းများလာမယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ။ ဒါကြောင့် မြန်မာလူထုအနေနဲ့လည်း အာဏာရှင်တွေနဲ့ဒီမိုကရေစီနိုင်ငံတွေကြား ချည်နှောင်ထားတဲ့ စီးပွားရေးဆက်ယှက်မှုတွေ ပြတ်တောက်သွားအောင် အခုထက်ပိုပြီး အင်တိုက်အားတိုက် တောင်းဆိုဖို့လိုအပ်နေပါပြီ။
ရေးသူ – ကောက်ရိုး


