၂ ဇွန် ၂၀၂၆ | New Day Myanmar
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ အရေအတွက်ဟာ မနှစ်ကထက် ၃ သိန်းကျော် တိုးလာတယ်လို့ စစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၁ ရက်နေ့က အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်ချိန်မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ကျောင်းအပ်နှံသူ အရေအတွက် မြင့်တက်လာတာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ အခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၂ သိန်းကျော်ရှိလာပြီး မနှစ်ကထက် ကျောင်းသားဦးရေ ၂ သောင်းကျော် တိုးလာတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ပညာရေးပြတ်တောက်သွားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကို အသက်အရွယ်နဲ့ ပညာအရည်အချင်းအလိုက် သင့်တော်တဲ့ အတန်းတွေမှာ ပြန်လည်တက်ရောက်ခွင့်ပေးမယ့် အစီအစဉ်ကို စစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာနက မေလကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအစီအစဉ်အရ ကျောင်းပြတ်သွားတဲ့ ကျောင်းသားတွေဟာ အတန်းအလိုက် အဆင့်သတ်မှတ်စမ်းသပ်ချက် (Placement Test) ကို ဖြေဆိုရမှာဖြစ်ပြီး ရလဒ်ပေါ်မူတည်ကာ သင့်တော်တဲ့ အတန်းမှာ ကျောင်းပြန်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။
ပညာရေးအသိုင်းအဝိုင်းကတော့ စစ်ရေးအခြေအနေ အပြောင်းအလဲတွေနဲ့အတူ ပဋိပက္ခဒေသတွေက ဒေသခံအများအပြား မြို့ပြဒေသတွေကို ရွှေ့ပြောင်းနေထိုင်လာတာ၊ စစ်တပ် ထိန်းချုပ်မှု
က်က မြို့ပြဒေသတွေမှာ နေထိုင်သူ တိုးလာတာတွေကြောင့် စစ်တပ်လက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံမှု မြင့်တက်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ပုလဲမြို့နယ်မှာတော့ စစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာသင်ကျောင်းတွေကို ကျောင်းအပ်နှံတဲ့ မိဘတွေနဲ့ လိုက်လံစည်းရုံးသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မကြာသေးခင်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပြီး ကျောင်းသားကျောင်းသူတိုင်းမှာ လွတ်လပ်စွာ ပညာသင်ယူခွင့်ရှိကြောင်းနဲ့ ပညာရေးကဏ္ဍကို နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုအောက် မရောက်သင့်ကြောင်း တော်လှန်ရေးအင်အားစုတချို့က ထောက်ပြပြောဆိုထားပါတယ်။


