၁ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းက ကုက္ကိုလ်ပင်တစ်ပင်ကို မိုးကြိုးပစ်ချခဲ့ရာ အနီးမှာရှိနေတဲ့ ကျောင်းဆရာမတစ်ဦးနဲ့ KG တန်း ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ပရဟိတအသင်းတစ်သင်းဆီက သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဒီကနေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုက္ကိုလ်ပင်အနီးမှာ ရပ်နေစဉ် မိုးကြိုးပစ်ချခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“အသက်အန္တရာယ်တော့ မရှိတော့ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတွေ ရထားပါတယ်။ ဆရာမကတော့ ပိုစိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ လောလောဆယ် ဆေးကုသမှုခံယူနေကြပါတယ်” လို့ ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိထားတဲ့ ကျောင်းဆရာမနဲ့ ကျောင်းသားနှစ်ဦးကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားပြီး လိုအပ်ပါက အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအပါအဝင် ဒေသအချို့မှာ မိုးသက်လေပြင်းတွေ မကြာခဏ ကျရောက်နေပြီး ကျောင်းဖွင့်ရာသီနဲ့ တိုက်ဆိုင်နေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေအနေနဲ့ မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုကြဖို့ ပရဟိတအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


