၁ ဇွန် ၂၀၂၆ | New Day Myanmar
တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ (TLC) က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မေ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရသလို ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရတဲ့အပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း TLC က ပြောထားပါတယ်။
“သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်များအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ဤဖြစ်စဉ်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရန်နှင့် တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် လိုအပ်သည်” လို့ TLC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရရှိသူတွေနဲ့ ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒေသအသီးသီးက ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး PSLF/TNLA က မေ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ပြန်ရာမှာတော့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဆိုပါ ပစ္စည်းတွေဟာ PSLF/TNLA စီးပွားရေးဌာနက မိုင်းတွင်းလုပ်ငန်းတွေအတွက် သိုလှောင်ထားတဲ့ ပစ္စည်းတွေဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေကာ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ပေါက်ကွဲခဲ့တဲ့ နေရာဟာ တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံဖြစ်တယ်လို့ New Day Myanmar ကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ လူနေအိမ်တွေနဲ့ နီးကပ်တဲ့နေရာမှာ တည်ရှိနေတာကြောင့် ယမ်းသိုလှောင်ရုံ ဒါမှမဟုတ် ယမ်းထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြည်သူတွေရဲ့ နေအိမ်အနီးမှာ တည်ဆောက်ထားတဲ့အပေါ် ဒေသခံအချို့က ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ဒေသခံ သတင်းရင်းမြစ်အချို့ကလည်း အခုဖြစ်စဉ်ဟာ မတော်တဆဖြစ်ပွားခဲ့တာလား၊ ပြင်ပပယောဂတစ်ခုခုကြောင့် ဖြစ်တာလားဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နယ် ယောင်းပန်းကျေးရွာမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံတစ်ခု မီးလောင်ပေါက်ကွဲခဲ့ပြီး လူ ၁၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


