၃၀ မေ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်တစ်ရပ်အပေါ် နောက်ဆုံးအတည်ပြုချက်ပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ အီရန်ဘက်ကတော့ နှစ်နိုင်ငံကြား တရားဝင်သဘောတူညီချက် တစ်စုံတစ်ရာ အပြီးသတ်မရသေးဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
အမေရိကန်နဲ့ အီရန်တို့အကြား ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်စ်မေးလ် ဘာဂါဟီက အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို အခြေခံထားတဲ့ ချဉ်းကပ်ပုံကို လက်မခံနိုင်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်က ဆောင်ရွက်နေတဲ့ ရေကြောင်းပိတ်ဆို့မှုတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘဲ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့လည်း အီရန်ဘက်က ဝေဖန်ထားပါတယ်။
အီရန်ရဲ့ အဆင့်မြင့်ဆွေးနွေးရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ကလည်း အမေရိကန်ဘက်အနေနဲ့ စကားလုံးတွေနဲ့မဟုတ်ဘဲ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို အရင်ပြသရမှာဖြစ်ပြီး ဝါရှင်တန်ဘက်က အစပြုခြင်းမရှိသရွေ့ အီရန်ဘက်ကလည်း နောက်ထပ်အဆင့်တွေကို ဆောင်ရွက်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြုံရေးဆွေးနွေးပွဲအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်စ်က အမေရိကန်အနေနဲ့ စစ်ဘက်ဆိုင်ရာ ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လာခြင်းမရှိစေရေးကို အမေရိကန်က ဆက်လက်တားဆီးသွားမှာဖြစ်တယ်လို့လည်း ဟက်ဂ်ဆက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အိမ်ဖြူတော်အတွင်း ဆွေးနွေးမှုတွေ ဆက်လက်ရှိနေပြီး ဟော်မုဇ်ရေလက်ကြားဆိုင်ရာ ကန့်သတ်ချက်အချို့ လျှော့ပေါ့ပေးနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အချက်ကို သဘောတူညီချက်ရရှိရေးအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။
သို့သော် အမေရိကန်အစိုးရဘက်က နောက်ဆုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်နေပါတယ်။


