Homeအထူးသတင်းထရမ့်အစိုးရရဲ့ အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စတီ နုမ်း ရာထူးက ဖယ်ရှားခံရ

ထရမ့်အစိုးရရဲ့ အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စတီ နုမ်း ရာထူးက ဖယ်ရှားခံရ

၆ မတ်လ ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စတီ နုမ်းကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အစိုးရအဖွဲ့အတွင်း အဆင့်မြင့်ရာထူးကို ကိုင်တွယ်နေသူတွေထဲက ပထမဆုံး ရာထူးက ထုတ်ပယ်ခံရသူလည်း ဖြစ်လာပါတယ်။

ကရစ္စတီ နုမ်းဟာ ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို အဓိက အကောင်အထည်ဖော်ခဲ့သူတစ်ဦးဖြစ်ပြီး မက္ကဆီကိုနယ်စပ်ကို တင်းကျပ်စွာ ထိန်းချုပ်တာနဲ့ ပြည်တွင်းမှာ ရောက်ရှိနေထိုင်နေတဲ့ တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြားသားတွေကို ဖယ်ရှားနှင်ထုတ်ရေး အစီအစဉ်တွေကို တာဝန်ယူ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် နုမ်းဟာ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို အမေရိကန်နိုင်ငံအတွင်း ကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။

ဒီနှစ်အစပိုင်းမှာ မင်နီဆိုးတားပြည်နယ်အတွင်း ဖက်ဒရယ်အရာရှိတွေ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နုမ်းရဲ့ ကိုင်တွယ်ပုံအပေါ် သမ္မတထရမ့် မကျေနပ်ခဲ့ဘူးလို့ ရီပတ်ဘလီကန်ပါတီအတွင်းရှိ အမတ်အချို့က မီဒီယာတွေကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် အမေရိကန်ပြည်သူတွေကြား အမျက်ဒေါသတွေ မြင့်တက်ခဲ့ပြီး ထရမ့်အစိုးရအပေါ် ဝေဖန်မှုတွေ တိုးလာခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် ကရစ္စတီ နုမ်းဟာ ထရမ့်အစိုးရအဖွဲ့ထဲ မဝင်ခင်က ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

နုမ်းကို အသစ်ဖွဲ့စည်းထားတဲ့ “အမေရိကတိုက် ကာကွယ်ရေးဒိုင်း” ဆိုတဲ့ ဌာနမှာ အထူးကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးမယ်လို့ သမ္မတထရမ့်က သူ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။

ကရစ္စတီ နုမ်းနေရာမှာတော့ အိုကလာဟိုးမားပြည်နယ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်း မာလင်ကို အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most Read