၂၂ မတ် ၂၀၂၆ ၊ New Day Myanmar
မိုဘိုင်းလက်ကိုင်ဖုန်းတွေနဲ့ မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းတွေ ပြည်ပကနေ တင်သွင်းရင် တရားဝင်သွင်းကုန်လိုင်စင် လျှောက်ပြီး အခွန်ပေးဆောင်ရမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံ သတိပေးထုတ်ပြန်လာပါတယ်။
အခု ထုတ်ပြန်ချက်မတိုင်မီ မတ်လအစောပိုင်းကလည်း မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ စံချိန်စံညွှန်းကိုက်ညီပြီး အခွန်ပေးဆောင်ထားတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်ကနေ စတင်လို့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို အကောင်အထည်ဖော်သွားမယ်လို့ အသိပေးထားပါသေးတယ်။
ခွင့်ပြုစာရင်းမှာ မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုတော့ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်နဲ့ စတင်ချိတ်ဆက်အသုံးပြုတဲ့နေ့ကနေ ရက် ၃၀ အတွင်း ယာယီအသုံးပြုခွင့်ရမှာဖြစ်သလို အဲဒီကာလအတွင်း ကျသင့်အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်မှသာ ဆက်အသုံးပြုခွင့်ရမယ်လို့ ဆိုထားပါတယ်။
အခုထုတ်ပြန်ချက်ဟာ မိုဘိုင်းဖုန်းတင်သွင်းမယ့် လုပ်ငန်းရှင်တွေကို သတိပေးတာဖြစ်သလို ကနဦး သတိပေးချက်ကတော့ မိုဘိုင်းဖုန်းကိုင်ဆောင်တဲ့ ပြည်သူတွေကို သတိပေးထားတာလည်း ဖြစ်ပါတယ်။
ဒီစနစ်ကြောင့် ပြည်တွင်းမှာ မိုဘိုင်းဖုန်းကိုင်တွယ်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို စစ်ကော်မရှင်က အချိန်မရွေး စောင့်ကြည့် ဖမ်းဆီးနိုင်တဲ့ အခြေအနေရှိတယ်လို့ ဝေဖန်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
မတ်လ ၂၀ ရက် ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လာတဲ့ အသိပေးစာအရ တင်သွင်းသူတွေ အခွန်ပေးဆောင်ဖို့ ပျက်ကွက်ရင် CEIR စနစ်ခွင့်ပြုစာရင်းမှာ ထည့်သွင်းပေးသွားမှာ မဟုတ်ဘူးလို့ သိရပြီး၊ အဲ့ဒီ ခွင့်ပြုစာရင်း မသွင်းထားတဲ့ ဖုန်းတွေဟာ ပြည်တွင်း ဆင်းကတ် ထည့်သွင်းအသုံးပြုလို့ ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်လက်ထက် လွဲချော်နေတဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ပြည်တွင်းမှာ နေထိုင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပြီး၊ အချို့မှာ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့အထိ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။


