Homeပြည်တွင်းသတင်းပြည်ပက ယူလာတဲ့ မိုဘိုင်းဖုန်းတွေ ရက် ၃၀ အတွင်း အခွန်မဆောင်ရင် ဒဏ်ကြေးပါ ကောက်ခံမယ်လို့ စစ်အုပ်စု ကြေညာ

ပြည်ပက ယူလာတဲ့ မိုဘိုင်းဖုန်းတွေ ရက် ၃၀ အတွင်း အခွန်မဆောင်ရင် ဒဏ်ကြေးပါ ကောက်ခံမယ်လို့ စစ်အုပ်စု ကြေညာ

၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ပြည်ပကနေ မြန်မာနိုင်ငံအတွင်း ယူဆောင်လာတဲ့ မိုဘိုင်းဖုန်းတွေကို ရက်ပေါင်း ၃၀ အတွင်း CEIR စနစ်မှာ မှတ်ပုံတင်ပြီး ကျသင့်အခွန် ပေးဆောင်ရမှာဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ရင် အခွန်အပြင် ဒဏ်ကြေးပါ ကောက်ခံသွားမယ်လို့စစ်အုပ်စု လက်အောက်ခံ CEIR နဲ့ EIR စနစ်စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်ပါတယ်။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွေအပြင် နယ်စပ်ဝင်ပေါက်နဲ့ ပင်လယ်ရေကြောင်းဝင်ပေါက်တွေကနေ ဝင်ရောက်လာသူတွေ ယူဆောင်လာတဲ့ မိုဘိုင်းဖုန်းတွေကို CEIR စနစ်မှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ခရီးသည်တဦးကို လက်ရှိအသုံးပြုနေတဲ့ ဖုန်းအပါအဝင် မိုဘိုင်းဖုန်း နှစ်လုံးအထိသာ ယူဆောင်ခွင့်ပြုမှာဖြစ်ပြီး CEIR စနစ်မှာ မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့ ဖုန်းတွေ ပါလာရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) နဲ့ မဖြစ်မနေ ကြေညာရမှာပါ။

PD Form ဖြည့်ရာမှာ ယူဆောင်လာတဲ့ ဖုန်းရဲ့ IMEI နံပါတ်ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမယ်လို့လည်း အသိပေးထားပါတယ်။

အကောက်ခွန်ကောင်တာမှာ PD Form ကြေညာခဲ့တဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း CEIR OSS အဖွဲ့ထံ မှတ်ပုံတင်ခွင့် လျှောက်ထားကာ ကျသင့်အခွန် ပေးသွင်းရမှာ ဖြစ်ပါတယ်။

လျှောက်ထားရာမှာ CEIR စနစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ ဓာတ်ပုံပါတဲ့ Passport ရှေ့စာမျက်နှာမိတ္တူ၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးက ရောက်ရှိရက်စွဲတံဆိပ် ရိုက်နှိပ်ထားတဲ့ စာမျက်နှာ၊ Boarding Pass မူရင်းနဲ့ မိတ္တူ၊ လေယာဉ်လက်မှတ် မူရင်းနဲ့ မိတ္တူ၊ PD Form တို့ကို တင်ပြရမှာပါ။

သတ်မှတ်ထားတဲ့ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားခြင်းမရှိရင် ကျသင့်အခွန်အပြင် ဒဏ်ကြေးတွေကိုပါ ထပ်မံကောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ခရီးသည်တဦးအနေနဲ့ ပထမအကြိမ် PD Form ကြေညာတဲ့နေ့ကစပြီး တနှစ်အတွင်း မိုဘိုင်းဖုန်း နှစ်လုံးအထိသာ မှတ်ပုံတင်လျှောက်ထားခွင့် ရရှိမှာ ဖြစ်ပါတယ်။

Related News

Most Read