၁၃ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၃၆ နှစ်အရွယ် အောင်ပေ (ခေါ်) အောင်ပြည့် ဖြစ်ပြီး ဇွန်လ ၁၃ ရက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဟင်္သာတမြို့မရဲစခန်း တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဆိုပါအမှုဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Rajprarop Soi 1 မှာရှိတဲ့ တိုက်ခန်းတစ်ခန်းအတွင်း အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မအေးအေးနွဲ့ရဲ့ ရုပ်အလောင်းကို အပိုင်းပိုင်းဖြတ်ထားတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူဟာ Khlong Toei ဒေသရှိ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရက်အတော်ကြာ အဆက်အသွယ်မရတော့တာကြောင့် ဆွေမျိုးတစ်ဦးက ရဲစခန်းကို အကြောင်းကြားခဲ့ရာကနေ အမှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ မောင်အောင်ပြည့်ကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ထားပြီး ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
CCTV မှတ်တမ်းတွေအရ မောင်အောင်ပြည့်ဟာ အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင်အိတ်အကြီးတစ်လုံးနဲ့ တိုက်ခန်းကနေ ထွက်ခွာသွားတာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးနိုင်ရေးနဲ့ ဆက်စပ်ဥပဒေလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


