၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ်မှာ ဆူညံစွာသီချင်းဆိုတာ၊ လျှောက်လမ်းပိတ်ပြီး ထမင်းဝိုင်းဖွဲ့စားတာနဲ့ TikTok ရိုက်ကူးတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ မော်လမြိုင်ကမ်းနားလမ်းအားကစားအဖွဲ့ဝင် ၅၄ ဦးကို ရထားပို့ဆောင်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
အဖွဲ့ကို ဦးဆောင်သူ ဒေါ်မြသန်းအပါအဝင် အမျိုးသားတဦးနဲ့ အမျိုးသမီး ၅၃ ဦးကို ဇူလိုင် ၂၆ ရက်မှာ မော်လမြိုင်မြို့မရဲစခန်းက ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈(က) နဲ့ အမှုဖွင့်ထားတာပါ။
ဖြစ်စဉ်ဟာ ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီမှာ မော်လမြိုင်ဘူတာကနေ ရန်ကုန်ဘူတာကြီးဆီ ထွက်ခွာခဲ့တဲ့ အမှတ် ၈၄ အစုန် DEMU အမြန်ရထားရဲ့ ပထမတန်းတွဲ အမှတ် ၃ ပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အားကစားအဖွဲ့က လက်မှတ်ဝယ်ယူချိန်မှာ လူ ၆၀ အမည်နဲ့ ဝယ်ယူခဲ့ပေမဲ့ ရထားပေါ် အမှန်တကယ်လိုက်ပါလာသူ ၅၄ ဦးရှိတယ်လို့ စိစစ်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
သူတို့ဟာ ရထားပေါ်မှာ ဆူညံစွာအော်ဟစ်သီချင်းဆိုတာ၊ ထိုင်ခုံလက်တန်းပေါ် ထိုင်တာ၊ ရထားကြမ်းခင်းနဲ့ လျှောက်လမ်းကို ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့စားတာအပြင် TikTok ရုပ်သံတွေ ရိုက်ကူးခဲ့တယ်လို့ မြန်မာ့မီးရထားဘက်က စွပ်စွဲထားပါတယ်။
အဲဒီအခြေအနေတွေကြောင့် တခြားခရီးသည်တွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ လက်မှတ်စစ်နှစ်ဦးနဲ့ ရထားရဲတပ်ဖွဲ့ဝင်လေးဦးက သတိပေးတားမြစ်ခဲ့ပေမဲ့ မလိုက်နာခဲ့ဘူးလို့ တိုင်ကြားချက်မှာ ဖော်ပြပါတယ်။
ရထားတာဝန်ရှိသူတွေက စက်ခေါင်းအတွင်းရှိ ပြန်ကြားရေးတာဝန်ခံဆီ သတင်းပို့ပြီး ရထားစပီကာကတဆင့်လည်း နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပေမဲ့ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ရုပ်သံတွေဟာ ဇူလိုင် ၂၄ ရက်ကစပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ကာ အားကစားအဖွဲ့ရဲ့ပြုမူပုံအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်မှာ မြန်မာ့မီးရထား တိုင်းအမှတ် ၈ မော်လမြိုင်က အထူးတန်းရုံပိုင်ကြီး ဦးသန်းစိုးက တရားလိုလုပ်ပြီး မော်လမြိုင်မြို့မရဲစခန်းမှာ တိုင်ကြားခဲ့တာကြောင့် အမှုအမှတ် (ပ) ၁၂၉/၂၀၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေတာဖြစ်ပါတယ်။
အမှုဖွင့်ထားခြင်းဟာ စွပ်စွဲချက်အဆင့်သာရှိသေးပြီး အဖွဲ့ဝင် ၅၄ ဦးရဲ့ တုံ့ပြန်ချက်ကိုတော့ မသိရသေးပါဘူး။


