Homeပြည်တွင်းသတင်းမြန်မာအထည်ချုပ်လုပ်သားများ အခြေခံရှင်သန်စရိတ်၏ ထက်ဝက်သာ လုပ်အားခ ရရှိနေ

မြန်မာအထည်ချုပ်လုပ်သားများ အခြေခံရှင်သန်စရိတ်၏ ထက်ဝက်သာ လုပ်အားခ ရရှိနေ

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားတွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁၀၀ အောက်သာ ဝင်ငွေရရှိနေပြီး အခြေခံရှင်သန်နေထိုင်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်ရဲ့ ထက်ဝက်ခန့်သာ ရရှိနေကြတယ်လို့ IndustriALL Global Union က ထောက်ပြလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၁၄) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားရေးရာညီလာခံ (ILC) အထူးအစည်းအဝေးအတွင်း IndustriALL ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အက်တဲ ဟွိုင်း (Atle Høie) က မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားတွေရဲ့ လုပ်အားခေါင်းပုံဖြတ်ခံနေရမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ထည့်သွင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

IndustriALL ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်သား ၄၅၀,၀၀၀ ခန့် ရှိနေပြီး အများစုဟာ နေ့စဉ်စားဝတ်နေရေး ကုန်ကျစရိတ်တွေ မြင့်တက်လာနေတဲ့ အခြေအနေအောက်မှာ ဝင်ငွေနည်းပါးစွာနဲ့ ရပ်တည်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စက်ရုံအများစု တည်ရှိရာ စက်မှုဇုန်တွေကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတာကြောင့် အလုပ်သမားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို အတင်းအဓမ္မ စစ်ဆေးခံရတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာနဲ့ အချိန်ပိုလုပ်အားခ (OT) ကို အပြည့်အဝ မရဘဲ အဓမ္မခိုင်းစေခံရတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ရုံတချို့က အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီထံ ပေးအပ်နေတာကြောင့် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရမယ့် အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရကြောင်း ညီလာခံမှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ အထည်အလိပ် ထုတ်ကုန် ၅၄ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ တင်ပို့နေပြီး ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ကလည်း အဓိက ဝယ်ယူနေကြတဲ့ ဈေးကွက်တွေ ဖြစ်ပါတယ်။

IndustriALL ကတော့ စစ်အုပ်စုရဲ့ နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒကြောင့် အထည်ချုပ်ကဏ္ဍဟာ စစ်ကောင်စီအတွက် အဓိက နိုင်ငံခြားငွေဝင်ရောက်ရာ လုပ်ငန်းတစ်ခု ဖြစ်နေပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေ ဆက်လက်ရင်းနှီးမြှုပ်နှံနေတာဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေစီးဆင်းမှုကို အထောက်အကူ ဖြစ်စေတယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားလာနေချိန်မှာ နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေ အနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ အမြန်ဆုံး ထွက်ခွာဖို့နဲ့ ဥရောပသမဂ္ဂအနေနဲ့ EBA ကုန်သွယ်ရေးအခွင့်အရေးတွေကို ပြန်လည်သုံးသပ်ဖို့ IndustriALL Global Union က တောင်းဆိုလိုက်ပါတယ်။

IndustriALL အထွေထွေအတွင်းရေးမှူး Atle Høie က “ဥရောပသမဂ္ဂရဲ့ GSP နဲ့ EBA အစီအစဉ်တွေ အပါအဝင် မြန်မာနိုင်ငံကို ပေးထားတဲ့ အထူးကုန်သွယ်ခွင့်တွေကို ရပ်ဆိုင်းစေချင်ပါတယ်။ ဒါ့အပြင် အထည်ချုပ်အမှတ်တံဆိပ် ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ ထွက်ခွာမယ့် အစီအစဉ်ကို ကတိကဝတ်ပြုကြဖို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်” လို့ ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး