Homeနိုင်ငံတကာသတင်းကင်ဂျုံအွန်းကို ဆက်လက်ထောက်ခံမယ်လို့ ရှီကျင့်ဖျင် ကတိပြု

ကင်ဂျုံအွန်းကို ဆက်လက်ထောက်ခံမယ်လို့ ရှီကျင့်ဖျင် ကတိပြု

၉ ဇွန် ၂၀၂၆ | New Day Myanmar

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ပြုံယမ်းမြို့ကို သွားရောက်ခဲ့စဉ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ပြုံယမ်းခရီးစဉ်အတွင်း ရှီကျင့်ဖျင်က နိုင်ငံတကာအခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ရိုးရာချစ်ကြည်ရင်းနှီးမှုကို အလွန်တန်ဖိုးထားကြောင်း ထပ်မံအတည်ပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဖလှယ်မှုတွေ ပိုမိုတိုးမြှင့်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

ရှီကျင့်ဖျင်ရဲ့ ယခုခရီးစဉ်ဟာ ၂၀၂၆ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့က ပြုံယမ်းမြို့တော်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာတွေက ရှီကျင့်ဖျင် ပြုံယမ်းကို ရောက်ရှိလာတာကို အတည်ပြုဖော်ပြထားပေမယ့် ခရီးစဉ်အတွင်း ဆက်လက်ပြုလုပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

တရုတ်နဲ့ မြောက်ကိုရီးယားဟာ သမိုင်းကြောင်းအရ နီးကပ်တဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ပြီး လတ်တလော ဒေသတွင်း လုံခြုံရေးနဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေကြားမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး