Homeအထူးသတင်းအီရန် - အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ကမ္ဘာ့ရေနံဈေး ပြန်လည်ကျဆင်း

အီရန် – အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ကမ္ဘာ့ရေနံဈေး ပြန်လည်ကျဆင်း

၂၅ မေ ၂၀၂၆ | New Day Myanmar

အမေရိကန် – အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ ပြန်လည်ကျဆင်းသွားတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘာ့ရေနံဈေးကွက်ရဲ့ အဓိကစံညွှန်းဖြစ်တဲ့ ဘရန့်ဒ်စိမ်း (Brent crude) ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး ဇူလိုင်လအတွက် ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းဟာ တစ်စည်ကို ၉၇ ဒသမ ၉၄ ဒေါ်လာအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် ၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာဖြစ်ပေမယ့် စစ်ပွဲမစတင်မီ ကာလနဲ့ နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံကျော် ပိုမိုမြင့်မားနေဆဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေဟာ စနစ်တကျနဲ့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောကြားထားပေမယ့် သဘောတူညီချက်ရဖို့ အလောတကြီး မလုပ်ကြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။

ဒါပေမယ့် စနေနေ့က ထရမ့်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအပါအဝင် အချက်အလက်အများစုကို အကြမ်းဖျင်း ညှိနှိုင်းပြီးပြီလို့ ပြောကြားခဲ့တာကြောင့် ဈေးကွက်အတွင်း မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် Sparta မှ ရေနံဈေးကွက်ကျွမ်းကျင်သူ ဂျွန်ဂိုးက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၁၀ သန်းမှ ၁၁ သန်းအထိ ပြတ်တောက်နေပေမယ့် သဘောတူညီချက်ရရှိခဲ့ပါက ပိတ်မိနေတဲ့ သင်္ဘောတွေထဲမှ ရေနံစိမ်းစည်ပေါင်း သန်း ၁၀၀ ခန့် ဈေးကွက်ထဲ ပြန်လည်စီးဝင်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

တစ်ဖက်မှာလည်း ရေနံဈေးနှုန်းကျဆင်းလာမှုနဲ့ စစ်ပွဲအဆုံးသတ်နိုင်မယ့် မျှော်လင့်ချက်တွေကြောင့် ဂျပန်နိုင်ငံရဲ့ Nikkei 225 စတော့အညွှန်းကိန်းဟာ ဒီနေ့မနက်ပိုင်း ရောင်းဝယ်မှုမှာ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး