၂၁ မတ်လ ၂၀၂၆ | New Day Myanmar
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကော်မရှင်ရဲ့ ချင်းပြည်နယ်လွတ်တော်အဆောက်အဦကို CDF-Hakha က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၂၀ ရက်မှာ လွတ်တော်အစည်းအဝေး ပထမအကြိမ် စတင်ပြုလုပ်တဲ့နေ့နဲ့ တိုက်ဆိုင်ပြီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
CDF-Hakha က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ ဒရုန်းဟာ လွတ်တော်အဆောက်အဦရှေ့ရှိ ကားနှစ်စီးကြားကို ထိမှန်ခဲ့တာကို တွေ့ရပြီး ဒရုန်းလာရောက်ချိန်မှာ စစ်တပ်အဖွဲ့ဝင်တချို့ ပြေးလွှားနေတဲ့မြင်ကွင်းတွေပါ ပါဝင်ပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပါဘူး။
ထုတ်ပြန်ထားတဲ့ ရုပ်သံအရ ဒရုန်းတွေဟာ လွတ်တော်အဆောက်အဦအနီးရှိ နေရာတွေ၊ အဆောက်အဦခေါင်မိုးပေါ်တပ်ဆင်ထားတဲ့ ဂျန်ဘာစနစ်နဲ့ ခေါင်မိုးပေါ်တွေကိုပါ ထိမှန်ခဲ့တာကို တွေ့ရပါတယ်။
လွတ်တော်အဆောက်အဦကို တိုက်ခိုက်ခံခဲ့ရပေမယ့် လွတ်တော်အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး ပြည်နယ်လွတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နှစ်ဦးကို ရွေးချယ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
CDF-Hakha ဟာ ဟားခါးမြို့ပေါ်မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်တက်ရောက်တဲ့ အခမ်းအနားတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာ ယခုနှစ်အတွင်း နှစ်ကြိမ်မြောက် ဖြစ်လာပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။
CDF-Hakha ဘက်ကတော့ ဟားခါးမြို့ပေါ်ရှိ စစ်တပ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး စစ်အုပ်စုနဲ့ ဆက်နွယ်မှု မရှိစေရန် ဒေသခံပြည်သူတွေကိုလည်း သတိပေးထားပါတယ်။


