Homeပြည်တွင်းသတင်းဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ IMJA တောင်းဆို

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ IMJA တောင်းဆို

၁၃ ဧပြီ ၂၀၂၆ | New Day Myanmar

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)က ဧပြီ ၁၂ ရက်နေ့မှာ ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား အများအပြားကို ဖမ်းဆီးထောင်ချထားခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်သတ်ဖြတ်တာတွေ၊ အကြမ်းဖက်ပုဒ်မတွေ တပ်ကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေ ဖြစ်ပေါ်နေတယ်လို့ (IMJA) ကပြောပါတယ်။

IMJA ရဲ့ သုတေသနအရ အာဏာသိမ်းချိန်ကနေ ယနေ့အထိ သတင်းသမား ၇ ဦး သတ်ဖြတ်ခံထားရပြီး ၂၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ လက်ရှိအချိန်ထိ သတင်းသမား ၁၇ ဦးကို အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းဖော်ပြခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေဟာ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရပြီး သတင်းသမားတွေကို ဆက်လက် ဖမ်းဆီးနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။

IMJA က သတင်းသမားတွေကို ဖမ်းဆီးတာ၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာနဲ့ ဆက်လက်ဖမ်းဆီးဖို့ လုပ်ဆောင်နေမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်။

သတင်းသမားအားလုံး လွတ်မြောက်ရေးဟာ သတင်းလွတ်လပ်ခွင့်ရဲ့ အခြေခံအကျဆုံး အချက်ဖြစ်ပြီး သတင်းသမားတစ်ဦးတောင် ဖမ်းဆီးခံနေရသရွေ့ သတင်းလွတ်လပ်ခွင့် ချိုးဖောက်နေမှုအဖြစ် ရှုမြင်ကြောင်းလည်း ဖော်ပြထားပါတယ်။

IMJA က မြန်မာစစ်တပ်နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရကို သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေကို ချက်ချင်းရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး