Homeပြည်တွင်းသတင်းဖမ်းဆီးဖိနှိပ်ခံရပြီး တနှစ်အကြာ၊ ရန်ပုံငွေပြတ်လပ်လို့ STUM အလုပ်သမားဝန်ဆောင်မှုတွေ ရပ်နား

ဖမ်းဆီးဖိနှိပ်ခံရပြီး တနှစ်အကြာ၊ ရန်ပုံငွေပြတ်လပ်လို့ STUM အလုပ်သမားဝန်ဆောင်မှုတွေ ရပ်နား

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

အလုပ်သမားအခွင့်အရေးတွေကို ဆယ်နှစ်ကြာ ကူညီကာကွယ်ပေးခဲ့တဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ဟာ အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုနောက်ဆက်တွဲ ဘဏ္ဍာရေးအခက်အခဲကြောင့် ပုံမှန်ဝန်ဆောင်မှုအားလုံးကို ဇူလိုင် ၂၅ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပါတယ်။

“STUM အဖွဲ့သားအားလုံး မတရားဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို အတတ်နိုင်ဆုံးကြိုးပမ်းပြီး တနှစ်တိတိ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရန်ပုံငွေအခက်အခဲကြောင့် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ STUM ရဲ့ ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုဆုံးဖြတ်ချက်ဟာ STUM အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ အဖွဲ့က လုပ်ဆောင်ပေးနေတဲ့ ပုံမှန်ဝန်ဆောင်မှုတွေကို ရက်အကန့်အသတ်မရှိ ရပ်နားတာဖြစ်ပါတယ်။

STUM ဟာ စက်ရုံအလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ခံစားခွင့်ရရှိရေး၊ အလုပ်ထုတ်နစ်နာကြေး၊ သမဂ္ဂဖွဲ့စည်းခွင့်၊ စုပေါင်းညှိနှိုင်းခွင့်နဲ့ လုပ်ငန်းခွင်အတွင်း မတရားဖိနှိပ်ခံရမှုတွေအတွက် အကြံပေးတာ၊ တိုင်ကြားပေးတာနဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ညှိနှိုင်းပေးတာတွေ လုပ်ဆောင်ခဲ့တဲ့ လွတ်လပ်တဲ့အလုပ်သမားအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

အထူးသဖြင့် ရန်ကုန်စက်မှုဇုန်တွေက အထည်ချုပ်အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ အလုပ်ချိန်၊ အချိန်ပိုကြေးနဲ့ ဥပဒေပါခံစားခွင့်ဆိုင်ရာ ပြဿနာတွေမှာ ကူညီပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အဖွဲ့ကို တရားမဝင်ကြောင်း ကြေညာထားတဲ့ကြားက အလုပ်သမားအရေးတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

STUM ကို အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အလုပ်သမားတွေရဲ့ လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးဆောင်မှုအပိုင်းမှာ အမျိုးသမီးအလုပ်သမားတွေ အဓိကပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက STUM အပါအဝင် အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့တွေအဖြစ် ကြေညာခဲ့ပါတယ်။ ဒေါ်မျိုးမျိုးအေးဟာ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်မှုတွေကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာလည်း ဖမ်းဆီးခံခဲ့ရပြီး ခြောက်လကျော်အကြာ အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက် ညပိုင်းမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွှေပြည်သာမြို့နယ်ရှိ ဒေါ်မျိုးမျိုးအေးရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် STUM ရုံးနဲ့ အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းကာ အဖွဲ့ဝင်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးမှုတွေအတွင်း ဒေါ်မျိုးမျိုးအေးအပါအဝင် STUM အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ရုံးသုံးကွန်ပျူတာ၊ ဖုန်း၊ အဖွဲ့ရဲ့မှတ်တမ်းတွေနဲ့ တခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတဦးကို စစ်သားစုဆောင်းရေးထဲ ပို့ဆောင်ခဲ့ပြီး ကျန် ၁၀ ဦးကို အမှုဖွင့်တရားစွဲခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကို ၁၉၆၁ ခုနှစ် ခြေချုပ်နဲ့ခံဝန်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ)၊ (ဆ) တို့နဲ့ မြို့နယ်တရားရုံးသုံးခုမှာ အမှုဖွင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ WANXINDA ခရီးဆောင်အိတ်စက်ရုံကလည်း STUM တာဝန်ရှိသူတွေကို အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၀၊ ၄၁ တို့နဲ့ ထပ်မံတရားစွဲခဲ့ပါတယ်။

ဒေါ်မျိုးမျိုးအေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူ့အတွက် ကျပ်သိန်း ၆၀ ခံဝန်တင်ခဲ့ရသလို သိမ်းဆည်းခံထားရတဲ့ နည်းပညာပစ္စည်းတွေ ပြန်ရဖို့ ကျပ်သိန်း ၆၀၀ တန်ခံဝန်နဲ့ အာမခံသူနှစ်ဦး တင်ပြခဲ့ရတယ်လို့ နိုင်ငံတကာအလုပ်သမားအရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ကျန်ရှိနေတဲ့ STUM အဖွဲ့ဝင်ကိုးဦးဟာ အင်းစိန်အကျဉ်းထောင်မှာ ခုနစ်လနီးပါး ထိန်းသိမ်းခံခဲ့ရပြီး WANXINDA ကုမ္ပဏီက အမှုကိုပိတ်သိမ်းခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ခြေချုပ်နဲ့ခံဝန်အက်ဥပဒေအရ အဖွဲ့ဝင်တချို့ဟာ နေထိုင်ရာမြို့နယ်ကနေ ခရီးသွားခွင့် ခြောက်လကနေ သုံးနှစ်အထိ ကန့်သတ်ခံထားရပြီး လစဉ်ရဲစခန်းမှာ ခံဝန်လက်မှတ်ထိုးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဖမ်းဆီးမှု၊ ရုံးပိုင်ပစ္စည်းသိမ်းဆည်းမှု၊ ခံဝန်ငွေကြေးနဲ့ ခုနစ်လကြာ အမှုရင်ဆိုင်ခဲ့ရမှုတွေကြောင့် STUM ရဲ့ အလုပ်သမားအခွင့်အရေးစောင့်ကြည့်ရေးနဲ့ ဝန်ဆောင်မှုပေးနိုင်စွမ်း အကြီးအကျယ်ထိခိုက်ခဲ့တယ်လို့ Clean Clothes Campaign၊ APWLD နဲ့ နိုင်ငံတကာအလုပ်သမားအရေးအဖွဲ့တွေက ထောက်ပြခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကလည်း STUM အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုနဲ့ အဖွဲ့ပိုင်ပစ္စည်းတွေ သိမ်းဆည်းခံရမှုကို မှတ်တမ်းတင်ထားပြီး မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်ကို ပြင်းထန်စွာချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ဖမ်းဆီးမှုကနေ ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေးဆုံးရှုံးမှု၊ လုပ်ငန်းလည်ပတ်နိုင်စွမ်းကျဆင်းမှုနဲ့ ဆက်လက်ကန့်သတ်ခံထားရမှုတွေကြောင့် နောက်ဆုံးမှာ အလုပ်သမားတွေအတွက် ပုံမှန်ဝန်ဆောင်မှုတွေ ရပ်နားရတဲ့အဆင့်ကို ရောက်လာတာဖြစ်ပါတယ်။

Related News

Most Read