၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုအတွက် တာဝန်ယူနုတ်ထွက်ပေးဖို့ လူငယ်တွေက နိုင်ငံတဝန်း ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် အိန္ဒိယပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်က ဇူလိုင် ၂၅ ရက်မှာ ရာထူးက နုတ်ထွက်လိုက်ပါတယ်။
ဝန်ကြီးနုတ်ထွက်မှုဟာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအစိုးရကို ဆယ်စုနှစ်တခုကျော်အတွင်း အကြီးမားဆုံးဖိအားပေးနိုင်ခဲ့တဲ့ လူငယ်ဦးဆောင် “Cockroach Janta Party” — “ပိုးဟပ်ပြည်သူ့ပါတီ” လှုပ်ရှားမှုအတွက် အဓိကအောင်မြင်မှုတခု ဖြစ်ပါတယ်။
“ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ” လို့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ Cockroach Janta Party တည်ထောင်သူ အဘိဂျစ် ဒီပကေးက နယူးဒေလီမြို့ ဂျန်တာမန်တာ ဆန္ဒပြစခန်းမှာ ကြွေးကြော်ခဲ့ပြီး လူငယ်တွေက အောင်ပွဲခံခဲ့ကြပါတယ်။
ပညာရေးဝန်ကြီး ပရာဒန်ကလည်း လက်ရှိအခြေအနေကို နိုင်ငံဆန့်ကျင်ရေးအင်အားစုတွေက အသုံးချမသွားနိုင်စေဖို့ ဝန်ကြီးချုပ်ထံ နုတ်ထွက်စာပေးပို့ခဲ့တာလို့ လူမှုကွန်ရက် X မှာ ရေးသားပါတယ်။
“နိုင်ငံ့လူငယ်တွေရဲ့ မျှော်မှန်းချက်၊ ခံစားချက်နဲ့ တရားဝင်တောင်းဆိုချက်တွေကို ကျွန်တော် အလွန်လေးစားပါတယ်” လို့ သူက ဆိုပါတယ်။
ပရာဒန် နုတ်ထွက်ကြောင်း ကြေညာချိန်မှာပဲ နယူးဒေလီရှိ လူငယ်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုပြီး လူစုခွဲနေခဲ့တာပါ။ ဆန္ဒပြခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတွေအကြား နောက်ထပ်ဆွေးနွေးပွဲမစတင်မီ နာရီပိုင်းအလိုမှာ နုတ်ထွက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီဆန္ဒပြလှုပ်ရှားမှုဟာ မေလအတွင်း ဆေးတက္ကသိုလ်ဝင်ခွင့်အပါအဝင် အရေးပါတဲ့ အမျိုးသားအဆင့်စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့တာကနေ စတင်ခဲ့ပါတယ်။ မေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသား နှစ်သန်းခန့် ထိခိုက်ခဲ့တယ်လို့ ဆန္ဒပြလှုပ်ရှားသူတွေက ပြောပါတယ်။
ဇွန်လကစပြီး လူငယ်ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြကာ ဇူလိုင် ၂၀ ရက်မှာ လွှတ်တော်ဆီ ချီတက်လာတဲ့ လူငယ်တွေကို ရဲတပ်ဖွဲ့က နံပါတ်တုတ်၊ ရေအမြောက်နဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုလူစုခွဲခဲ့တာကြောင့် ဆန္ဒပြမှု ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ကျောင်းသားဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။
လှုပ်ရှားမှုဟာ မေးခွန်းပေါက်ကြားမှုတခုတည်းအပေါ် မကျေနပ်တာကနေ လူငယ်အလုပ်လက်မဲ့ပြဿနာ၊ အကျင့်ပျက်ခြစားမှု၊ အစိုးရရဲ့ တာဝန်ခံမှုအားနည်းခြင်းနဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။
နယူးဒေလီအပြင် အနောက်ဘင်္ဂလား၊ တယ်လန်ဂါနာ၊ ကာနာတာကာနဲ့ တမီလ်နာဒူးပြည်နယ်တွေမှာလည်း ကျောင်းသားတွေ၊ လူငယ်တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံထောက်ခံသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ အတိုက်အခံလွှတ်တော်အမတ်တွေကပါ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို ထောက်ခံပြီး လွှတ်တော်အစည်းအဝေးတွေကို ဆက်တိုက်နှောင့်ယှက်ခဲ့ကြပါတယ်။
ဆန္ဒပြမှုတွေကို ကန့်သတ်ဖို့ အာဏာပိုင်တွေက နယူးဒေလီမြို့လယ်ပိုင်းမှာ မိုဘိုင်းအင်တာနက်ပိတ်ထားသလို မက်ထရိုဘူတာ ၁၈ ခုကိုလည်း ဝင်ရောက်အသုံးပြုခွင့် ကန့်သတ်ခဲ့ပါတယ်။
ပညာရေးဝန်ကြီး နုတ်ထွက်သွားပေမယ့် ဆန္ဒပြခေါင်းဆောင်တွေက ဆန္ဒပြသူတွေအပေါ် ဖွင့်ထားတဲ့အမှုတွေ ပိတ်သိမ်းပေးရေး၊ မေးခွန်းပေါက်ကြားမှုနဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကျောင်းသားတဒါဇင်ကျော်ရဲ့ မိသားစုတွေကို နစ်နာကြေးပေးရေးနဲ့ စာမေးပွဲစနစ်ပြုပြင်ပြောင်းလဲရေးတို့ကို ဆက်လက်တောင်းဆိုနေပါတယ်။


