Homeပြည်တွင်းသတင်းပုလဲမောင် သတ်ဖြတ်ခံရမှု ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် တာဝန်ရှိသူတွေကို ယာယီရပ်ဆိုင်း

ပုလဲမောင် သတ်ဖြတ်ခံရမှု ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် တာဝန်ရှိသူတွေကို ယာယီရပ်ဆိုင်း

၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှူး ပုလဲမောင်ခေါ် ပီတာ ပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်က ယာယီရပ်ဆိုင်းပြီး လက်နက်ဖြုတ်သိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့လည်း ဇွန်လ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုလဲမောင် သတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဇွန်လ ၂၇ ရက်က ဖွဲ့စည်းခဲ့ပြီး စစ်ဆေးမှုတွေအပေါ် ဒေသတွင်းဩဇာလွှမ်းမိုးမှု မရှိစေဖို့ အခုလို လုပ်ဆောင်တာလို့ PDF စစ်ရုံးချုပ်က ဆိုပါတယ်။

ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးနဲ့ ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို စစ်ကိုင်းတိုင်းစစ်ဌာန ဌာနချုပ်ဆီ အနီးကပ်ကြီးကြပ်မှုနဲ့ ခေါ်ဆောင်ထားပြီး လက်နက်တွေကို ဖြုတ်သိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အပါအဝင် ခုနစ်ဦးကို ဇွန်လ ၂၈ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပေမယ့် PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အရေအတွက်နဲ့ ဖမ်းဆီးထားတယ်ဆိုတဲ့ အသုံးအနှုန်းကို ဖော်ပြထားတာ မရှိပါဘူး။

ပုလဲမောင်ဟာ ဇွန်လ ၂၆ ရက်က ယင်းမာပင်ခရိုင်စစ်ဌာနမှာ ပြုလုပ်မယ့် ခရိုင်ကွပ်ကဲရေးအစည်းအဝေးကို တက်ရောက်ဖို့ စောင့်ဆိုင်းနေချိန် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိ ရဲဘော်ငဖြိုးက ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်တာကြောင့် နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ ရဲဘော်ငဖြိုးကို အခင်းဖြစ်တဲ့နေ့ကတည်းက လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးထားသလို လက်ရှိမှာ ဗဟိုစစ်အချုပ်ထောင်ကို ပြောင်းရွှေ့ထိန်းသိမ်းထားတယ်လို့ PDF စစ်ရုံးချုပ်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးမှုတွေ စတင်နေပြီး တွေ့ရှိချက်တွေအပေါ်မူတည်ကာ စစ်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်တရားရုံး ဒါမှမဟုတ် စစ်ခုံရုံးမှာ ဆက်လက်စစ်ဆေးစီရင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမောင် သတ်ဖြတ်ခံရမှုကို သမာသမတ်ကျကျ စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူနဲ့ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ အမှတ် (၁) စစ်ဒေသအတွင်းက PDF တပ်ရင်း၊ တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားကြပါတယ်။

ဆက်စပ် သတင်းများ

Most Read