Homeပြည်တွင်းသတင်းမြန်မာသတ္တုတွင်းညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ အမြန်တုံ့ပြန်ဖို့ အထက်လွှတ်တော်အမတ် တိုက်တွန်း

မြန်မာသတ္တုတွင်းညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ အမြန်တုံ့ပြန်ဖို့ အထက်လွှတ်တော်အမတ် တိုက်တွန်း

၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်းက သတ္တုတွင်းလုပ်ငန်းတွေကြောင့် ထိုင်းမြောက်ပိုင်းက ကော့၊ စိုင်၊ ရွက်နဲ့ မဲခေါင်မြစ်တွေ ညစ်ညမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေ မေးမြန်းထားတဲ့အချက်တွေကို ထိုင်းအစိုးရအနေနဲ့ အမြန်တုံ့ပြန်ဆောင်ရွက်ဖို့ ထိုင်းအထက်လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

ထိုင်းအထက်လွှတ်တော်ရဲ့ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ စားသုံးသူကာကွယ်ရေးကော်မတီက ထိုင်းအစိုးရကို တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စည်းကမ်းထိန်းချုပ်မှုမရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကနေ ထိုင်းမြောက်ပိုင်းကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်တွေထဲ အဆိပ်သင့်ဓာတ်ပစ္စည်းတွေ စီးဝင်နေတဲ့ကိစ္စကို နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုအဖြစ် သတ်မှတ်ထားပါတယ်။

UN လွတ်လပ်တဲ့ကျွမ်းကျင်သူတွေက ဧပြီ ၂၁ ရက်နေ့စွဲနဲ့ ပေးပို့ထားတဲ့ စာမှာ မြန်မာနိုင်ငံက သတ္တုတွင်းဆိုင်ရာ ညစ်ညမ်းမှုကြောင့် မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ အချက်အလက်တွေ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းက ကော့မြစ်တလျှောက်နေထိုင်သူတွေဟာ ၂၀၂၄ ခုနှစ် ဧပြီလကတည်းက မြစ်ရေအရောင် ပြောင်းလဲလာတာနဲ့ ရေမကြည်လင်မှုတွေ စတင်သတိထားမိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ရေကြီးပြီးနောက် မိုးကုန်ပိုင်းအထိ မြစ်ရေညစ်ညမ်းမှု ဆက်လက်ရှိနေခဲ့တယ်လို့ UN စာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ထိုင်းဘက်က မြစ်ရေနမူနာတွေကို စစ်ဆေးရာမှာ အာဆင်းနစ်၊ ခဲ၊ ပြဒါးနဲ့ မန်းဂနိစ်ဓာတ်တွေကို နိုင်ငံ့စံနှုန်းထက် ကျော်လွန်တဲ့အဆင့်နဲ့ တွေ့ရှိထားတယ်လို့ UN စာမှာ ပါရှိပါတယ်။ ၂၀၂၅ ခုနှစ် မတ်လကနေ စက်တင်ဘာလအထိ ရေစစ်ဆေးမှု ၁၂ ကြိမ်နဲ့ မြစ်အနည်အနှစ်စစ်ဆေးမှု ၇ ကြိမ် ပြုလုပ်ရာမှာ ရေညစ်ညမ်းမှု ပိုဆိုးလာတာ၊ ရေအောက်ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်စီးလာတာနဲ့ အစားအစာကွင်းဆက် ထိခိုက်လာတာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

UN စာအရ ညစ်ညမ်းမှုရင်းမြစ်ဟာ မြန်မာနိုင်ငံအတွင်းက သတ္တုတွင်းလုပ်ငန်းတွေကနေ ဖြစ်ပေါ်နေပြီး အထူးသဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေတွေထဲမှာ ကြီးကြပ်ထိန်းချုပ်မှု အလွန်နည်းပါးတဲ့ သတ္တုတွင်းလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီသတ္တုတွင်းလုပ်ငန်းတွေဟာ ၂၀၂၃ ခုနှစ်ကစပြီး အမြန်တိုးချဲ့လာခဲ့ပြီး အဓိကအားဖြင့် မြေရှားသတ္တုထုတ်လုပ်မှုကို ဦးတည်ထားသလို ရွှေထုတ်လုပ်မှုတချို့လည်း ပါဝင်တယ်လို့ UN ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဲဒီကနေ ထွက်လာတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းတွေဟာ ကော့မြစ်သာမက စိုင်၊ ရွက်နဲ့ မဲခေါင်မြစ်တွေအထိ စီးဝင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်ပြည်နယ်က လူဦးရေ တသန်းကျော်အပါအဝင် မဲခေါင်မြစ်အောက်ပိုင်း ဒေသခံသန်းချီကို ထိခိုက်စေနိုင်တယ်လို့ စာမှာ သတိပေးထားပါတယ်။

UN ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းတွေကြောင့် ရေ၊ အစားအစာ၊ ကျန်းမာရေး၊ အသက်ရှင်နေထိုင်ခွင့်နဲ့ သန့်ရှင်းလုံခြုံတဲ့ သဘာဝပတ်ဝန်းကျင်ရရှိခွင့်တွေကို ထိခိုက်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ အထူးသဖြင့် ဒေသခံတိုင်းရင်းသားတွေ၊ ကျေးလက်လူထု၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ တောင်သူတွေနဲ့ ငါးဖမ်းလုပ်ကိုင်သူတွေဟာ အန္တရာယ်ပိုများတဲ့အုပ်စုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဘက်က အရင်က မြန်မာစစ်အုပ်စုရဲ့ သဘာဝသယံဇာတဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကော့မြစ်ညစ်ညမ်းမှုကိစ္စကို ဖြေရှင်းဖို့ ပူးပေါင်းနည်းပညာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူထားပေမယ့် အချိန်ဇယား၊ လုပ်ငန်းစဉ်နဲ့ အသေးစိတ်အစီအစဉ်တွေကို အများပြည်သူသိအောင် မထုတ်ပြန်သေးဘူးလို့ UN စာမှာ ဖော်ပြထားပါတယ်။

ထိုင်းအထက်လွှတ်တော်ကော်မတီကလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ ချင်းရိုင်ပြည်နယ်မှာ ကွင်းဆင်းစစ်ဆေးပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည်နယ်က သတ္တုတွင်းတွေကြောင့် ညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေပြီး ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေ ကြီးမားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ထိုင်းအထက်လွှတ်တော်အမတ် Angkhana Neelapaijit ကတော့ ဒီကိစ္စဟာ ထိုင်းနိုင်ငံတခုတည်း ဖြေရှင်းနိုင်တဲ့ ပြည်တွင်းပြဿနာ မဟုတ်ဘဲ မြန်မာ၊ ထိုင်း၊ တရုတ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်ဖြေရှင်းရမယ့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအကျပ်အတည်းဖြစ်တယ်လို့ ပြောထားပါတယ်။ သူက UN Guiding Principles on Business and Human Rights ကို ကိုးကားပြီး နိုင်ငံတွေ၊ ကုမ္ပဏီတွေနဲ့ သတ္တုဝယ်ယူသုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ရှိတယ်လို့ ထောက်ပြထားပါတယ်။

AP သတင်းဌာနရဲ့ မေ ၂၀၂၆ သတင်းအရလည်း မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ မြေရှားသတ္တုတူးဖော်မှု တိုးလာတာကြောင့် မဲခေါင်မြစ်လက်တက်တွေထဲ အဆိပ်သင့်ရေဆိုးတွေ စီးဝင်နေပြီး မဲခေါင်မြစ်ကို မှီခိုနေတဲ့ လူဦးရေ သန်း ၇၀ ခန့်ရဲ့ စားနပ်ရိက္ခာလုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။

Reuters သတင်းဌာနကလည်း Stimson Center ရဲ့ လေ့လာချက်ကို ကိုးကားပြီး အရှေ့တောင်အာရှကုန်းတွင်းပိုင်းမှာ သတ္တုတွင်း ၂,၄၀၀ ကျော်ရှိပြီး မဲခေါင်၊ သံလွင်နဲ့ ဧရာဝတီမြစ်ရေစနစ်တွေထဲကို ဆိုင်ယနိုက်နဲ့ ပြဒါးလို အန္တရာယ်ရှိဓာတုပစ္စည်းတွေ စီးဝင်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

UN ကျွမ်းကျင်သူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ထံသာမက တရုတ်နဲ့ ထိုင်းအစိုးရတွေ၊ Xiamen Tungsten Corporation နဲ့ Chifeng Gold တို့ဆီကိုလည်း စာပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။ သူတို့က စုံစမ်းစစ်ဆေးမှုတွေအရ စွပ်စွဲချက်တွေ မှန်ကန်ကြောင်း ထောက်ခံနိုင်ပါက တာဝန်ရှိသူတွေကို တာဝန်ယူမှုရှိစေရေးနဲ့ ညစ်ညမ်းမှုထပ်မဖြစ်အောင် ကြားဖြတ်ကာကွယ်ရေးလုပ်ငန်းတွေ ချက်ချင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းက သတ္တုတွင်းလုပ်ငန်းတွေကို လွတ်လပ်စွာ ဝင်ရောက်စစ်ဆေးနိုင်ခြင်း မရှိသေးသလို သတ္တုတူးဖော်မှု ရပ်တန့်ရေး၊ ရေညစ်ညမ်းမှုလျှော့ချရေးနဲ့ ထိခိုက်ခံစားနေရတဲ့ ဒေသခံတွေကို ကူညီလျော်ကြေးပေးရေးအတွက် တိကျတဲ့ နိုင်ငံတကာလုပ်ငန်းစဉ်တခု ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

Related News

Most Read