၁၅ မေ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ အမျိုးသားကူးစက်ရောဂါဆိုင်ရာ ကော်မတီ (NCDC) က Hantavirus (ဟန်တာဗိုင်းရပ်စ်) ကို “အန္တရာယ်ရှိ ကူးစက်ရောဂါ” အဖြစ် တရားဝင် သတ်မှတ်လိုက်ကြောင်း မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ကျောက်ကပ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပြီး အချို့မျိုးစိတ်တွေမှာ လူအချင်းချင်း ကူးစက်နိုင်ခြေရှိတာကြောင့် အထူးစောင့်ကြည့်ရမယ့် ရောဂါအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် Hantavirus ဟာ ထိုင်းနိုင်ငံရဲ့ အထူးသတိထားရမယ့် ရောဂါစာရင်းမှာ ၁၄ ခုမြောက် ရောဂါ ဖြစ်လာပါတယ်။
ရောဂါထိန်းချုပ်ရေး အစီအမံအသစ်တွေအရ သံသယလူနာတွေ့ရှိပါက ၃ နာရီအတွင်း အာဏာပိုင်တွေထံ အစီရင်ခံရမှာဖြစ်ပြီး ၁၂ နာရီအတွင်း ရောဂါစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့တဲ့ အန္တရာယ်ရှိသူတွေကို ၄၂ ရက်ကြာ Quarantine ထားရှိပြီး စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Hantavirus ရဲ့ ရောဂါလက္ခဏာတွေမှာ ကိုယ်အပူချိန် ၃၈ ဒီဂရီကျော် အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတို့ ပါဝင်ပြီး ပြင်းထန်လာပါက အသက်ရှူရခက်ခဲလာနိုင်ကာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်ထားသလို ဆေးရုံတွေမှာလည်း ကုသမှုလမ်းညွှန်ချက်တွေ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အာဏာပိုင်တွေက ကြွက်တွေနဲ့ ထိတွေ့ဖူးသူတွေ၊ ဒါမှမဟုတ် ရောဂါဖြစ်ပွားရာဒေသကနေ ပြန်လာပြီးနောက် အဖျားကြီးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးစနစ် ထိရောက်စေဖို့ ခရီးသွားရာဇဝင်တွေကို အမှန်အတိုင်း ပြောကြားပေးဖို့လည်း အသိပေးထားပါတယ်။


