၁၅ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းမှာ အနာဂတ်ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြုနိုင်တဲ့အထိ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိဖို့ လိုအပ်တယ်လို့ စစ်အုပ်စုခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မေလ ၁၄ ရက်နေ့က နေပြည်တော်ရှိ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
မင်းအောင်လှိုင်က ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းတစ်လျှောက်ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမယ်လို့ ပြောကြားခဲ့ပြီး နောင်အနာဂတ်မှာ မြေအောက်ရထားလမ်းစနစ်တွေ တည်ဆောက်နိုင်တဲ့အထိ ကြိုတင်သုတေသနပြုလုပ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
မြန်မာ့မီးရထားရဲ့ အချက်အလက်တွေအရ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်အကွာအဝေးဟာ စုစုပေါင်း ၂၉ မိုင်ခွဲရှိပြီး သံလမ်းစုစုပေါင်းအရှည် ၅၉ မိုင်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အတွင်း RBE ရထားတွေနဲ့ BEL စက်ခေါင်းချိတ်ဆက်ရထားတွေကို ပြေးဆွဲပေးနေပါတယ်။


