Homeပြည်တွင်းသတင်း၂ လသားအရွယ် အမွှာကလေး ၂ ဦးကို မြောက်ဒဂုံ ကြက်ခြေနီရုံးအနီးမှာ စွန့်ပစ်ထားခဲ့

၂ လသားအရွယ် အမွှာကလေး ၂ ဦးကို မြောက်ဒဂုံ ကြက်ခြေနီရုံးအနီးမှာ စွန့်ပစ်ထားခဲ့

၃ ဩဂုတ်၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အသက် ၂ လခန့်အရွယ်ရှိတဲ့ အမွှာကလေး ၂ ဦးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးအနီးမှာ လာရောက်စွန့်ပစ်ထားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားသူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၂ ရက် မနက်ပိုင်းက ရာဇာဓိရာဇ်လမ်းနဲ့ သဇင်လမ်းထောင့်အနီးရှိ မြောက်ဒဂုံ ကြက်ခြေနီရုံးနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယောက်ကျားလေးကလေးငယ်တစ်ဦးနဲ့ မိန်းကလေးကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“မနက်အစောကြီးကတည်းက လာစွန့်ထားခဲ့တာပါ။ အကြောင်းအမျိုးမျိုးတော့ ပြောနေကြပေမယ့် ဒီနေ့အထိ ကလေးတွေနဲ့ ပတ်သက်ပြီး လာရောက်ဆက်သွယ်တာ မရှိသေးပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးငယ် ၂ ဦးရဲ့ ကျန်းမာရေးအခြေအနေကို မြောက်ဥက္ကလာပဆေးရုံကြီးမှာ စစ်ဆေးကုသပေးခဲ့ပြီးနောက် မြောက်ဒဂုံ ကြက်ခြေနီရုံးမှာ ယာယီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ကလေးငယ်တွေရဲ့ မိဘ၊ ဆွေမျိုး ဒါမှမဟုတ် သက်ဆိုင်သူတွေရှိရင် မြောက်ဒဂုံ ကြက်ခြေနီရုံးကို အမြန်ဆုံး လာရောက်ဆက်သွယ်စုံစမ်းပေးဖို့လည်း ကြက်ခြေနီရုံးနဲ့ နီးစပ်သူတွေက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

Related News

Most Read