Homeပြည်တွင်းသတင်းမြောက်ဒဂုံ အမှတ် (၁) အခြေခံမူလတန်းကျောင်းမှာ မီတာခကောက်ခံနေတယ်ဆိုပြီး မိဘတွေ ဝေဖန်

မြောက်ဒဂုံ အမှတ် (၁) အခြေခံမူလတန်းကျောင်းမှာ မီတာခကောက်ခံနေတယ်ဆိုပြီး မိဘတွေ ဝေဖန်

၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အမှတ် (၁) အခြေခံမူလတန်းကျောင်းမှာ ကျောင်းသားတွေဆီကနေ မီတာခအပါအဝင် အကြေးအမျိုးမျိုး ကောက်ခံနေတယ်ဆိုပြီး ကျောင်းသားမိဘတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ကျောင်းအုပ်ဆရာမက ပြီးခဲ့တဲ့ ဇွန်လအတွင်း မိဘအစည်းအဝေးခေါ်ယူပြီး မေလအတွက် ကျောင်းမီတာခ ၄ သိန်း ၈ သောင်း ကျခံထားရတာကြောင့် ကျောင်းသားမိဘတွေဘက်က ပေးချေရမယ်လို့ ပြောဆိုခဲ့တယ်လို့ မိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတွေက ကျောင်းအတွင်း သန့်ရှင်းရေးအခြေအနေနဲ့ ကလေးတွေ အသုံးပြုရတဲ့ အိမ်သာတွေမှာ ရေမရှိတာ၊ ညစ်ပတ်နေတာတွေကြောင့် ကလေးတွေ အခက်ကြုံနေရတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ကျောင်းဘက်က မီတာခကောက်ခံနေတယ်ဆိုတဲ့ အကြောင်းအရာတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ကျောင်းအုပ်ဆရာမဘက်က ကျောင်းသားတချို့ဆီက ကောက်ခံထားတဲ့ မီတာခတချို့ ပြန်ပေးတာတွေ ရှိခဲ့တယ်လို့ မိဘတွေက ဆိုပါတယ်။

ကျောင်းသားမိဘတဦးက “ကျောင်းသန့်ရှင်းမှုလည်း မရှိပါဘူး။ အဓိက ကလေးတွေသုံးတဲ့ အိမ်သာက အရမ်းညစ်ပတ်ပြီး ခြုံထူ၊ ရေမရှိပါဘူး။ ဘာကြေး၊ ညာကြေး သေးသေးလေးတွေကအစ ကောက်တာများလှပါပြီ။ တနေ့လုပ်မှ တနေ့စားရတဲ့ မိဘတွေက အစိုးရကျောင်းပဲထားနိုင်တာပါ။ အဲ့လို အမြဲကောက်ခံနေရင် မိဘတွေအတွက် အခက်တွေ့သလို ကလေးတွေအနေနဲ့လည်း မပေးနိုင်ရင် ကျောင်းတက်ရ အခက်တွေ့ပါတယ်” လို့ ပြောပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ အစိုးရကျောင်းတွေမှာ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေဆီကနေ ငွေကြေးအဆမတန်ကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ မကြာခဏ ထွက်ပေါ်နေပြီး ကျောင်းဘက်က ကျောင်းသားတွေအတွက် သန့်ရှင်းရေး၊ ပညာသင်ကြားရေးနဲ့ အခြေခံဝန်ဆောင်မှုတွေကို လုံလောက်အောင် မပေးနိုင်ဘူးဆိုတဲ့ မိဘတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အမှတ် (၁) အခြေခံမူလတန်းကျောင်းမှာ မီတာခနဲ့ အခြားအကြေးတွေ ကောက်ခံနေတယ်ဆိုတဲ့ မိဘတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Related News

Most Read