Homeနိုင်ငံတကာသတင်းဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှု တရားခံနှစ်ဦးကို ၁၁ နှစ်အကြာ သေဒဏ်ချမှတ်

ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှု တရားခံနှစ်ဦးကို ၁၁ နှစ်အကြာ သေဒဏ်ချမှတ်

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူ ၂၀ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဧရာဝဏ် (Erawan) နတ်ကွန်း ဗုံးပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ တရားခံနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ အာဒမ် ကာရာဒတ် (Adem Karadag) နဲ့ မိုင်ရီလီ ယူဆွတ်ဖ် (Mairili Yusuf) တို့ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုဟာ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက Central World ကုန်တိုက်အနီးရှိ လူစည်ကားရာ ဧရာဝဏ်နတ်ကွန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး ဗုံးပေါက်ကွဲမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပေါက်ကွဲမှုကြောင့် နိုင်ငံခြားသား ၁၄ ဦးနဲ့ ထိုင်းနိုင်ငံသား ၆ ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့သလို လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တရားရုံးရဲ့ စစ်ဆေးချက်တွေအရ မိုင်ရီလီ ယူဆွတ်ဖ်ဟာ ဗုံးတပ်ဆင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ စီစဉ်မှုတွေကို တာဝန်ယူခဲ့ပြီး အာဒမ် ကာရာဒတ်ကတော့ TNT ယမ်းဘီလူး ပါဝင်တဲ့ ကျောပိုးအိတ်ကို နတ်ကွန်းအနီး ထိုင်ခုံအောက်မှာ ကိုယ်တိုင် သွားရောက်ထားရှိခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုကို ထိုင်းအာဏာပိုင်တွေက ၁၁ နှစ်နီးပါးကြာ စစ်ဆေးခဲ့ရပြီး တရားလိုသက်သေ ၄၀၀ ကျော်၊ စာရွက်စာတမ်းနဲ့ သက်သေအထောက်အထား စာမျက်နှာပေါင်း ၁၀,၀၀၀ ကျော်ကို တင်သွင်းစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

တရားရုံးက ဗုံးဖောက်ခွဲမှုနဲ့ လူသတ်မှုဆိုင်ရာ ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်ခဲ့သလို အများပြည်သူရှေ့ လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီးလည်း တရားခံတစ်ဦးချင်းစီကို ဘတ် ၁,၀၀၀ ဒဏ်ငွေ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ လုံခြုံရေးအခြေအနေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့သလို နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုလည်း အကြီးအကျယ် ရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး