Homeပြည်တွင်းသတင်းသတ်ဖြတ်ခံရသည်ဟု ယူဆရသည့် ၁၃ နှစ်အရွယ် ကျောင်းသား မောင်မင်းခန့်ဇော် ရုပ်အလောင်း ရေဝေးသုဿာန်တွင် နေ့ချင်း သင်္ဂြိုဟ်

သတ်ဖြတ်ခံရသည်ဟု ယူဆရသည့် ၁၃ နှစ်အရွယ် ကျောင်းသား မောင်မင်းခန့်ဇော် ရုပ်အလောင်း ရေဝေးသုဿာန်တွင် နေ့ချင်း သင်္ဂြိုဟ်

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၉ ရပ်ကွက်၊ သစ္စာ ၄ လမ်းမှာ နေထိုင်တဲ့ အသတ်ခံရတယ်လို့ ယူဆရတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသား မောင်မင်းခန့်ဇော်ရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ ရေဝေးသုဿာန်အတွင်း နေ့ချင်းပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနဲ့ အသင်းသား၊ အသင်းသူတွေပူးပေါင်းပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကနေ ရေဝေးသုဿာန်သို့ အခမဲ့ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လိုလူမျိုးတွေက ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင်းအဖြစ်ကလည်း ဆိုးလိုက်တာကွာ။ ဘဝဆက်တိုင်းမှာ အခုလိုဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့ကွာ” လို့ သေဆုံးသူရဲ့ ဦးလေးတော်စပ်သူက လူမှုကွန်ရက်မှာ ရေးသားမျှဝေထားပါတယ်။

မောင်မင်းခန့်ဇော်ဟာ ဇွန်လ ၈ ရက်နေ့က ကျောင်းက ပြန်လာပြီးနောက် နေအိမ်ကနေ ပြန်လည်ထွက်ခွာသွားရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၁၀ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်ရှိ ကန်ဘောင်တစ်နေရာမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီး ဒေသခံတွေကလည်း အလားတူဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး