Homeပြည်တွင်းသတင်းရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူတွေ ကြိုတင်ပြင်ဆင်ထားရန် သတိပေး

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူတွေ ကြိုတင်ပြင်ဆင်ထားရန် သတိပေး

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

လာမယ့် ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၁၇ ရက်အတွင်း ရန်ကုန်မြစ်မှာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၀၁ ပေကနေ ၂၀.၀၄ ပေဝန်းကျင်အထိ ထူးကဲဒီရေတက်လာနိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီရေတက်မှုနဲ့ ပတ်သက်ပြီး အလွန်အကျွံ စိုးရိမ်စရာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းက ရန်ကုန်မြစ်မှာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ ရန်ကုန်မြစ်ရဲ့ ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ကျော်နိုင်တဲ့ အခြေအနေတွေမှာ ပြည်သူတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် မြစ်ကမ်းနားအနီး နေထိုင်သူတွေအနေနဲ့ ပစ္စည်းပစ္စယတွေကို ရေလွတ်ရာ ကြိုတင်ရွှေ့ပြောင်းထားတာ၊ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာမျိုးတွေ ပြုလုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်မြစ်မှာ တစ်နှစ်အတွင်း ပုံမှန်အားဖြင့် ၄ ကြိမ်ကနေ ၆ ကြိမ်ဝန်းကျင်အထိ သာမန်ထက် ဒီရေမြင့်တက်မှုတွေ ဖြစ်ပေါ်လေ့ရှိပြီး အထူးသဖြင့် လပြည့်ရက်နဲ့ လကွယ်ရက်ဝန်းကျင်တွေမှာ ဒီရေအတက်အကျ အများဆုံး ဖြစ်တတ်ပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာလည်း ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လနဲ့ မေလတွေမှာ ရန်ကုန်မြစ်ရေဟာ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးပြီး လက်ရှိထုတ်ပြန်ချက်ဟာ ယခုနှစ်အတွင်း ၅ ကြိမ်မြောက် သတိပေးချက် ဖြစ်တယ်လို့ သိရပါတယ်။

အခု ဇွန်လဟာ မုတ်သုံရာသီကာလဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းချိန်နဲ့ ထူးကဲဒီရေတက်ချိန် တိုက်ဆိုင်လာမယ်ဆိုရင် ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဒါကြောင့် မြစ်ကမ်းနားဒေသခံတွေအနေနဲ့ ဒီရေအခြေအနေနဲ့ မိုးလေဝသသတင်းတွေကို အနီးကပ်စောင့်ကြည့်ပြီး သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး