၁၀ ဇွန် ၂၀၂၆ | New Day Myanmar
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ရဲစခန်းကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်လိုက်ပါတယ်။
PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဇွန်လ ၁၀ ရက် နံနက် ၄ နာရီခန့်မှာ မြစ်ခြေမြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီခန့်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း G-3 သေနတ် ၁၈ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ်လေသေနတ် ၁ လက်၊ ကျည်ကာဦးထုပ် ၇ လုံးနဲ့ G-3 ကျည် ၁,၉၀၈ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးကတော့ လက်နက်ချ အညံ့ခံခဲ့တာကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF စစ်ရုံးချုပ်က ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ရှိပါက စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
LPDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရဲစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင် ရှိနေခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PDF စစ်ရုံးချုပ်ကတော့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့အတွင်းရှိ နေအိမ်ပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ၂၄ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မြစ်ခြေဒေသအတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး တိုက်ပွဲနောက်ဆက်တွဲ အခြေအနေတွေကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေက ဆက်လက် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။


