Homeပြည်တွင်းသတင်းလိုင်စင်သက်တမ်းတိုးတဲ့ ဆိုင်ကယ်တွေ ဘေးတွဲမတပ်ဖို့ ခံဝန်ထိုးရ၊ မလိုက်နာရင် အရေးယူခံရမယ်လို့ ဆို

လိုင်စင်သက်တမ်းတိုးတဲ့ ဆိုင်ကယ်တွေ ဘေးတွဲမတပ်ဖို့ ခံဝန်ထိုးရ၊ မလိုက်နာရင် အရေးယူခံရမယ်လို့ ဆို

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းအတွင်းမှာ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတဲ့သူတွေကို ဇူလိုင် ၁ ရက်ကစပြီး ဆိုင်ကယ်ကို ဘေးတွဲတပ်ပြီး မသုံးပါဘူးဆိုတဲ့ ခံဝန်ကတိမှာ လက်မှတ်ထိုးခိုင်းနေတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတဦးက New Day Myanmar ကို ပြောပါတယ်။

တကယ်လို့ ခံဝန်ထိုးပြီးမှ ဘေးတွဲတပ် အသုံးပြုတာ စစ်ဆေးတွေ့ရှိရင် ၂၀၂၀ ခုနှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နဲ့ ၉၆ အရ အရေးယူခံရနိုင်တယ်လို့ သူလိုင်စင်သက်တမ်းတိုးတဲ့ မြို့နယ် ကညန က အသိပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၉၅ အရ တားမြစ်ချက်ကို ဖောက်ဖျက်ရင် အများဆုံး ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပြီး၊ ပုဒ်မ ၉၆ အရတော့ ကျပ် ၃ သောင်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

“ဘေးတွဲလေးမောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေကြရတာ။ အခုလို ခံဝန်ထိုးပြီး ဘေးတွဲမတပ်ရဘူးဆိုတော့ ထမင်းအိုးကို ရိုက်ခွဲခံရသလို ခံစားရတယ်။ ဒီလိုပဲ အများဘယ်လိုမောင်းလဲ ကြည့်ပြီး ကိုယ်လည်း မောင်းရမှာပေါ့။ နောက်ဆုံးမှ မရရင် အလုပ်ပြောင်းလုပ်ပေါ့။ သူတို့ပြောသလို လိုင်စင်နဲ့ သွင်းတဲ့ဘီးကို ခွင့်ပြုမယ်ဆိုတော့ ကျွန်တော်တို့လည်း လိုင်စင်နဲ့ပဲလေလို့ ပြောတော့၊ သွင်းလာကတည်းက သုံးဘီးဆိုင်ကယ်ကို ပြောတာတဲ့။ ကျွန်တော်တို့က ဘယ်ဝယ်နိုင်မလဲ။” လို့ ပြောပါတယ်။

ရန်ကုန်မြို့ ရပ်ကွက်အများစုမှာ ဆိုင်ကယ်ဘေးတွဲတပ်ဆင်ကာ ဟင်းသီးဟင်းရွက်နဲ့ သားငါးရောင်းချတာတွေ ရှိနေတာကြောင့် ဆိုင်ကယ်မှာ ဘေးတွဲမတပ်ဆင်ရဆိုတဲ့ စည်းကမ်းချက်ဟာ အခြေခံလူတန်းစားတွေ အတွက် အကြပ်ရိုက်နေကြသလို ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

ဆက်စပ် သတင်းများ

Most Read