Homeပြည်တွင်းသတင်းနယ်စပ်ဒေသတွေနဲ့ မြန်မာနိုင်ငံက Starlink စက်အများအပြား ဝန်ဆောင်မှုကန့်သတ်ခံရ

နယ်စပ်ဒေသတွေနဲ့ မြန်မာနိုင်ငံက Starlink စက်အများအပြား ဝန်ဆောင်မှုကန့်သတ်ခံရ

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေအပါအဝင် ရခိုင်၊ ကရင်နီနဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ အသုံးပြုနေတဲ့ Starlink အင်တာနက်စက်အများအပြား “Region Restricted” ဆိုတဲ့ အကြောင်းကြားစာရရှိပြီး ဝန်ဆောင်မှုကန့်သတ်ခံလိုက်ရတယ်လို့ သုံးစွဲသူတွေနဲ့ ဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

အခုလို ကန့်သတ်မှုဟာ ဇူလိုင်လ ၂ ရက်ကစပြီး ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး စက်တွေမှာ မီးလင်းနေသေးပေမယ့် အင်တာနက်ချိတ်ဆက်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တွေမှာ စက်အများအပြား ပိတ်ခံထားရပြီး မင်းပြားတစ်မြို့နယ်တည်းမှာပဲ စက် ၂၀ ကျော် ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီပြည်နယ်မှာလည်း အနည်းဆုံး စက်ခြောက်လုံး ဝန်ဆောင်မှုကန့်သတ်ခံထားရပါတယ်။

သုံးစွဲသူတွေဆီ ရောက်ရှိလာတဲ့ အကြောင်းကြားစာတွေအရ အကောင့်ဖွင့်ထားတဲ့နိုင်ငံနဲ့ စက်အသုံးပြုနေတဲ့နေရာ မကိုက်ညီတာ၊ ပြည်ပအသုံးပြုခွင့်ကာလ ကျော်လွန်တာတွေကြောင့် “Region Restricted” သတ်မှတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဝန်ဆောင်မှုပေးသူတွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ Starlink တရားဝင်ဝန်ဆောင်မှုပေးတဲ့ နိုင်ငံစာရင်းထဲ မပါဝင်သေးတာကြောင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ စက်တွေကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် Customer Verification ID အတည်ပြုပြီးသားဖြစ်တာထက် စက်ရဲ့ တည်နေရာနဲ့ အကောင့်ဖွင့်ထားတဲ့နိုင်ငံ မကိုက်ညီတာက အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်လို့ နည်းပညာဝန်ဆောင်မှုပေးသူတွေက ဆိုပါတယ်။

“စတားလင့်ကနေပြီးတော့ စတားလင့်ဗန်းကို အဓိကသုံးပြီး ဗန်းရဲ့တည်နေရာ Location တွေကို ခြေရာခံပြီး အကောင့်ဖောက်တဲ့နိုင်ငံနဲ့ဝေးနေတဲ့စက်တွေကို ရှာပြီး Region Restricted ပို့နေတယ်လို့ ဆိုလိုပါတယ် ။ Customer Verification ID တင်ထားပြီး Completed ဖြစ်တာ Blocked ခံရတာ Required ပြတာ အဲ့တာတွေနဲ့ မဆိုင်ပါဘူး။ အကောင့်ဖောက်တဲ့နိုင်ငံတွေနဲ့ ဝေးနေတဲ့စက်ဖြစ်နေလို့ Region Restricted စာပို့ခံရတာဖြစ်ပါတယ်။” လို့ Starlink ဝန်ဆောင်မှုပေးသူတဦးက ပြောပါတယ်။

“အရင်က ကျွန်တော့်ဆီမှာ ဖြစ်ဖူးတဲ့တစ်လုံးကတော့ Bangladesh နယ်စပ်နဲ့နီးလို့ နယ်စပ်နား သွားပို့သုံးလိုက်တာ ပြေဖူးပါတယ်။ အဲ့နယ်စပ်နားနီးလို့ Region Restricted ပြန်ပျောက်သွားတာ ဟုတ်မဟုတ် ကျွန်တော် မသိပါဘူး။”လို့ သူက ပြောပါတယ်။

ရခိုင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်က ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ Starlink ကို ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် အဓိကအားထားအသုံးပြုနေကြပါတယ်။

ဝန်ဆောင်မှုကန့်သတ်ခံထားရတဲ့ စက်တွေကို ခေတ္တပိတ်ထားဖို့ ဒေသတွင်းဝန်ဆောင်မှုပေးသူတချို့က အကြံပြုထားပေမယ့် အဲဒီနည်းလမ်းကို Starlink က တရားဝင်အတည်ပြုထားတာ မရှိသေးပါဘူး။

လက်ရှိကန့်သတ်မှုဟာ နိုင်ငံတဝန်းပိတ်ပင်တာလား၊ အကောင့်နဲ့ တည်နေရာ မကိုက်ညီတာကြောင့်လားဆိုတာကို Starlink ဒါမှမဟုတ် SpaceX က မြန်မာနိုင်ငံအတွက် သီးခြားထုတ်ပြန်ရှင်းလင်းတာ မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read