၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ Starlink ဂြိုဟ်တုအင်တာနက်စက်တွေကို နေရာအနှံ့ အလုံးစုံပိတ်ပင်နေတာကြောင့် အရပ်သားပြည်သူတွေ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ လွတ်လပ်တဲ့မီဒီယာလုပ်ငန်းတွေ ပြင်းထန်စွာ ထိခိုက်နေတဲ့အတွက် ဆိုက်ဘာလိမ်လည်မှုစခန်းတွေကိုသာ တိတိကျကျ ပစ်မှတ်ထားပိတ်ပင်ဖို့ မြန်မာနိုင်ငံက အဖွဲ့အစည်း ၂၅၅ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက အမေရိကန်အစိုးရ၊ SpaceX နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လိပ်မူပြီး ဇူလိုင် ၁၇ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကြေညာချက်မှာ အမည်ဖော်ပြထားတဲ့ အဖွဲ့အစည်း ၂၀၄ ဖွဲ့နဲ့ လုံခြုံရေးအရ အမည်မဖော်ပြတဲ့ အဖွဲ့အစည်း ၅၁ ဖွဲ့ ပါဝင်တာကြောင့် စုစုပေါင်း ၂၅၅ ဖွဲ့ရှိပါတယ်။
အဖွဲ့အစည်းတွေက အရှေ့တောင်အာရှဒေသမှာ လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော်ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို ဖြိုခွဲနှိမ်နင်းရေး ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောထားပါတယ်။ ဒါပေမယ့် ရာဇဝတ်ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံတဝန်းက Starlink စက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်လိုက်တာဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ရာရောက်နေတယ်လို့ ဆိုပါတယ်။
SpaceX ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာလိမ်လည်မှုစခန်းတွေအနီး အသုံးပြုနေတယ်လို့ သံသယရှိတဲ့ Starlink စက် ၂,၅၀၀ ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထပ်မံပိတ်ပင်မှုတွေမှာ ဆိုက်ဘာလိမ်လည်မှုစခန်းတွေနဲ့ နီးကပ်မှုမရှိတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်က Starlink စက်တွေလည်း ပါဝင်သွားခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် မြို့နယ် ၃၃၀ အနက် ၈၀ ခန့်မှာ ပုံမှန်ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်တွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒီလို ဆက်သွယ်ရေးပြတ်တောက်နေတဲ့ဒေသတွေမှာ လူဦးရေ ၁၃ ဒသမ ၃ သန်းခန့် နေထိုင်နေပြီး Starlink လို ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ပိုင်းသုံး LEO ဂြိုဟ်တုအင်တာနက်ကို အဓိကဆက်သွယ်ရေးအသက်သွေးကြောအဖြစ် မှီခိုနေရပါတယ်။
အဲဒီဒေသတွေမှာ Starlink ဟာ ဇိမ်ခံပစ္စည်းတခုမဟုတ်ဘဲ ပြည်သူတွေအသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတခု ဖြစ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးရုံတွေဟာ အရေးပေါ်လူနာတင်ယာဉ် ခေါ်ယူတာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်တာနဲ့ ခွဲစိတ်ကုသရေး၊ သားဖွားမီးယပ်ကုသရေးဆိုင်ရာ အဝေးရောက်ဆေးဘက်ဆိုင်ရာ တိုင်ပင်မှုတွေကို Starlink အပေါ် မှီခိုလုပ်ဆောင်နေရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာလည်း Starlink အင်တာနက်ကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ အရေးပေါ်သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေနိုင်တာကြောင့် အရပ်သားတွေ ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ Starlink ဝန်ဆောင်မှု ပိတ်ခံရတာကြောင့် အဲဒီသတိပေးစနစ်တွေ ပြတ်တောက်ပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် ပိုမိုမြင့်မားလာနိုင်တယ်လို့ သတိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ Starlink ကို အသုံးပြုနေကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ မှတ်ပုံတင်ထားတဲ့ ကြားကာလလူထုအခြေပြုကျောင်း ၅,၉၆၃ ကျောင်းနဲ့ အွန်လိုင်းကျောင်း ၇၅ ကျောင်းဟာ ပဋိပက္ခဒေသတွေက ကျောင်းသား၊ ကျောင်းသူ တစ်သန်းနီးပါးကို ပညာသင်ကြားပေးနေပြီး Starlink ဆက်သွယ်ရေးအပေါ် အဓိကမှီခိုနေရတယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့မီဒီယာတွေနဲ့ လူ့အခွင့်အရေးမှတ်တမ်းတင်ရေးအဖွဲ့တွေဟာလည်း Starlink ကို အသုံးပြုပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းရာပေါင်းများစွာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေထံ လုံခြုံစွာ ပေးပို့နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက Starlink ကို နေရာအနှံ့ အလုံးစုံပိတ်ပင်တာဟာ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို ထိရောက်စွာတားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ထားပါတယ်။ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေဟာ Starlink ဝန်ဆောင်မှု မပေါ်ပေါက်မီကတည်းက အကြီးအကျယ် လည်ပတ်နေခဲ့တာဖြစ်ပြီး လူကုန်ကူးမှု၊ အုပ်ချုပ်ရေးအားနည်းမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေလို အခြေခံပြဿနာတွေကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။
ငွေကြေးအင်အားကောင်းတဲ့ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေဟာ Starlink ပိတ်ခံရရင် အခြားဆက်သွယ်ရေးနည်းလမ်းတွေကို ပြောင်းလဲအသုံးပြုနိုင်ပေမယ့် အခြားရွေးချယ်စရာမရှိတဲ့ ကျေးလက်ဒေသခံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေသာ ရေရှည်ထိခိုက်နေရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် SpaceX နဲ့ သက်ဆိုင်ရာ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်မယ့်အစား ဆိုက်ဘာလိမ်လည်မှုစခန်းတွေရဲ့ အတည်ပြုထားတဲ့ တည်နေရာတွေကိုသာ အချက်အလက်အခြေပြုပြီး တိတိကျကျ ပစ်မှတ်ထားပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဆိုက်ဘာလိမ်လည်မှုစခန်းတွေရဲ့ သတ်မှတ်တည်နေရာပြင်ပက Starlink စက်တွေရဲ့ ဝန်ဆောင်မှုကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့စက်တွေနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့စက်တွေကို ခွဲခြားနိုင်ရေးအတွက် မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အသုံးပြုသူစိစစ်အတည်ပြုရေးလမ်းကြောင်းတခု ထူထောင်ပေးဖို့ တိုက်တွန်းထားပါတယ်။
နယ်စပ်ဖြတ်ကျော်ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ အပြစ်မဲ့အရပ်သား သန်းပေါင်းများစွာရဲ့ ဆက်သွယ်ရေးအသက်သွေးကြောတွေ မပြတ်တောက်စေရေးအတွက် SpaceX၊ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။


